Main menu

Background

(၈-၁၀-၂၀၂၁) မှ (၁၄-၁၀-၂၀၂၁) ထိ ဆန်ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေလေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/15/2021 - 15:22 -- journal_editor

       ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန်စျေးနှုန်း များမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၃ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကိုသိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၁ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၆ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၉ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၅ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရပါသည်။

           ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့် လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

           ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေဖြင့် Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်း နိုင်ငံ၌ (၁၀၀ %) ဘီဂရိတ်ဆန်၊ ဧည့်မထ (၅ %) ဆန်၊ ဧည့်မထ (၂၅ %) ဆန်စျေးများနှင့်အိန္ဒိယနိုင်ငံတို့၏ ဆန်စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ပါကစ္စတန်နှင့်ဗီယက်နမ်နိုင်ငံတို့၏ ဆန်စျေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိသည်ကို သိရှိရပါသည်။

             ဆန်စျေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများ အနေဖြင့်လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံ များသို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၄၁၇၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၈၄၅ သန်း၊ ဆန်ကွဲတန်ချိန် ၁၅၀၄၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၆၅၆ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၉၂၁၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉.၅၀၁ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၇၀၉၈.၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၉၂၃ သန်း၊ ဆန်ကွဲ တန်ချိန် ၉၉၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၁၈၀ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၇၀၇၃.၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆.၁၀၃ သန်း ဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရပါသည်။

           ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၇၀၇၉.၆ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁.၉၂၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဆန်ကွဲ တင်ပို့မှုတွင် တန်ချိန် ၅၀၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄၇၆ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရပါသည်။

           မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၂၉၇ ကျပ်နှုန်း ရှိပြီး၊ ဧည့်မထ ၂၅ % ဆန်တစ်အိတ်လျှင် ၃၄၁၅၅ ကျပ်မှ ၃၅၆၄၀ ကျပ်ကြား ပေါက်စျေး ရှိကြောင်း သိရှိရပါသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ပြင်ပငွေလဲနှုန်း အနေဖြင့် ၁ ဘတ်လျှင် ၅၈ ကျပ် နှုန်း ပေါက်စျေးရှိကြောင်း သိရှိရပါသည်။

        တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၄၀၀ ကျပ်နှင့် မုံရွာမြို့တွင် ၂၂၀၀ ကျပ် ဖြင့် အမြင့်ဆုံး စျေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ဘားအံ၊ ရန်ကုန်နှင့် ပြည် မြို့တို့တွင် ၁၂၀၀ ကျပ်ဖြင့် အနိမ့်ဆုံးစျေးနှုန်းများ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။

        Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်စျေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၀.၁၈ ရာခိုင်နှုန်း စျေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ ​အောက်တိုဘာလ ဒုတိယပတ်တွင် နိုင်ငံတကာ ဆန်စျေးနှုန်းများတွင် အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်စျေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။