Main menu

Background

(၈-၁၀-၂၀၂၁)မှ (၁၄-၁၀-၂၀၂၁)အထိ သကြားပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/15/2021 - 15:28 -- journal_editor

        ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ(White Sugar) တစ်တန်လျှင် (၂၃-၈-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၄၈၇.၆၀) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၁၂-၁၀-၂၀၂၁) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၅၁၆.၀၀) ဒေါ်လာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်-

        သကြားဈေးကွက်နှင့်ပတ်သက်သည့် ပြည်တွင်းသတင်းများအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ (ယာယီ) စာရင်းများအရ သကြား တန်ချိန် (၄) ထောင်ကျော်ကို ပင်လယ်ရေကြောင်းမှ ဗီယက်နမ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ် သကြားစျေးကွက်သို့ ထိုင်းနှင့်အခြားနိုင်ငံများမှ သကြားများဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏စက်မှုဝန်ကြီးဌာနမှ ပြည်တွင်းလုပ်ငန်းများ ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သကြားတင်သွင်းမှုများကို anti-dumping duty လုပ်ဆောင်လျက်ရှိကြောင်းကို ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။

       ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် တရုတ်နိုင်ငံ၌ဖြစ်ပေါ်ခဲ့သော သကြားဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၇၈) ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန်နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၃၉၇) ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၅၉၅-၆၁၃) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၆၈-၅၃၂) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တရုတ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် သကြားစျေးနှုန်းမှာ မြင့်တက်နေခဲ့ပြီး အမေရိကန်နိုင်ငံတွင် သကြားစျေးနှုန်းမှာ တည်ငြိမ်လျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။

        ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဒေသ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၄၃၀) ဒေါ်လာရှိပြီး တရုတ်နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၈၇၈) ဒေါ်လာ ပေါက်စျေးရှိသောကြောင့် (၁) တန် ပေါ်တွင် အမေရိကန်ဒေါ်လာ (၄၄၈) ဒေါ်လာ ဈေးနှုန်းကွာဟချက် ရှိပါသည်။ မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမြို့တွင် သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၉) ဝန်းကျင်ရှိပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၃၅) ဝန်းကျင်ခန့် ရှိကြောင်း လေ့လာသိရှိရပါသည်။

        ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် ကလေးနှင့်မြစ်ကြီးနားမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၂၀၀) ကျပ်၊ ပြည်နှင့်ပဲခူးမြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၁၀၀) ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး လားရှိုးနှင့်မော်လမြိုင်မြို့တို့တွင် သကြား ၁ ပိဿာလျှင် (၁၂၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။

       Trading Economics Website တွင် ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၀.၄၆ % ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိရ ပါသည်။