Main menu

Background

(၈-၁၀-၂၀၂၁) မှ (၁၄-၁၀-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/15/2021 - 15:33 -- journal_editor

       ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၅ ဒေါ်လာပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၃ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာလ ၇ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၉၄၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ၁၈၈၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရပါသည်။

         မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်မှု စျေးကွက်တွင် တရုတ် ယွမ်ငွေနှင့် ဂျပန် ယမ်းငွေတို့ကို လဲလှယ်ခွင့်ပြုကြောင်း အောက်တိုဘာ ၁၂ ရက်နေ့တွင် ညွှန်ကြားထုတ်ပြန်ခဲ့သည်ကို သိရှိရပါသည်။ အဆိုပါ ညွှန်ကြားချက်အရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များနှင့်ဘဏ်မဟုတ်သည့် ကုမ္ပဏီ အဖွဲ့အစည်းများအနေဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ အရောင်းအဝယ်ပြု နိုင်ကြောင်း သိရှိရပါသည်။ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်တွင် တရားဝင်လဲလှယ်နိုင်သော နိုင်ငံခြားငွေကြေးသည် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ စင်ကာပူဒေါ်လာ၊ ထိုင်း ဘတ်ငွေ၊ မလေးရှား ရင်းကစ် တို့အပြင် တရုတ်ယွမ်ငွေနှင့် ဂျပန်ယန်းငွေကို ထပ်တိုးခြင်းအားဖြင့် ငွေကြေး (၇) ခုထိ ရှိလာသည်ကို သိရှိရပါသည်။

        ၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စက်တင်ဘာလအစီရင်ခံစာ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် 6.2 % ရှိပြီး GDP သည် -18.4 % ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ယခုတစ်ပတ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၉၆၅.၅ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက် နေ့တွင် တစ်ဒေါ်လာလျှင် ၁၉၀၀.၉ ကျပ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပြီး အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တစ်ပတ်အတွင်း ၃.၂၉ % ကျဆင်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

         ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်ကို လေ့လာရာတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၂၀၀ ကျပ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၂၀၀ ကျပ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၅၀ ကျပ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၀၀ ကျပ်နှင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ လျှင် ၂၁၀၀ ကျပ် အသီးသီး ပေါက်စျေးများ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။