Main menu

Background

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး

Mon, 11/01/2021 - 10:01 -- journal_editor

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ (၁) Mr. Anatoly Bulochniov ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော် ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်နိုင်မည့် အဓိကနယ်ပယ်များဖြစ်သော လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေး၊ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေဩဇာထုတ်လုပ်မှုလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်တင်ပို့နိုင်သည့်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ရုရှား စီးပွားရေးလုပ်ငန်းရှင်များလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ထို့နောက် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ(၁) က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်အတူ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင် ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအားအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် Eurasian Economic Union (EAEU) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံသို့ ရုရှားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား အကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအပါအဝင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ နှစ်နိုင်ငံအကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ အတွက် ညှိနှိုင်းလျက်ရှိသည့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်နေမှု၊ မကြာမီကျင်းပမည့် ဒုတိယအကြိမ်မြောက် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ ကိုယ်စားလှယ်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဉပဒေနှင့်အညီ အကာအကွယ်ပေးဆောင်ရွက်နိုင်မည့် အခြေအနေ များကို ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရသည်။