Main menu

Background

(၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကျင်းပ အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာ

Fri, 11/19/2021 - 10:55 -- journal_editor

နေပြည်တော် ၊ ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာ ၁၇ ရက် ။              ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် (၇) နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်ခဲ့သည်။

          အဆိုပါအစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး(၂)  H.E. Dato Dr. Amin Liew Abdullah နှင့် ကနေဒါ နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၊ ပို့ကုန်မြင့်တင်ရေးနှင့် အငယ်စားစီးပွားရေးလုပ်ငန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး  The Honourable Mary Ng တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနှင့် ကနေဒါ နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အဆင့်မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါ၏ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် အဆိုပါသက်ရောက်မှုများကို လျော့နည်းစေရန် ဖြစ်နိုင်ချေရှိသော ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-ကနေဒါ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ၏ ဖြစ်ပေါ် တိုးတက် မှုများ၊ ကနေဒါနိုင်ငံက ထောက်ပံ့ပေးမည့်စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များနှင့် ကနေဒါ-အာဆီယံ စီးပွားရေးကောင်စီမှတင်ပြလာသော စီးပွားရေးဆိုင်ရာအကြံပြုချက်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

           အဆိုပါအစည်းအဝေး၌  အနာဂတ် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်အတွက် အပြီးသတ်ကိုးကားစာတမ်းကို ဝန်ကြီးများက အတည်ပြုခဲ့ပြီး အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာရာတွင် မြန်မာနိုင်ငံက ပါဝင်ထောက်ခံဆွေးနွေးခဲ့သည်။

           ၂၀၂၀ ပြည့်နှစ်တွင် အာဆီယံ-ကနေဒါ နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၉ဒသမ၉ ဘီလီယံရှိခဲ့ပြီး ကနေဒါမှအာဆီယံနိုင်ငံများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၁၂ဒသမ၅ ဘီလီယံ ရှိခဲ့ပါသည်။ ကနေဒါနိုင်ငံမှ အာဆီယံသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် နှစ်စဉ် ၁၁.၇ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်။ အာဆီယံ-ကနေဒါ လွတ်လပ် သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ဆောင်ရွက်ခြင်းအားဖြင့် ကနေဒါနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါသဘောတူစာချုပ်တွင် ပါဝင်ခြင်းဖြင့် ကနေဒါနိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ပိုမိုဝင်ရောက်လာပြီး ကနေဒါဈေးကွက်သို့ မြန်မာ့ပို့ကုန်များ တင်ပို့နိုင်သည့်အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်သည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြန်လည်စတင်ရေးနှင့် နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်ရေး၏ အရေးပါမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းမှစတင်၍ ခရီးသွားကဏ္ဍများ ပြန်လည်ဖွင့်လှစ်ပေးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်စေ့စပ် ညှိနှိုင်းမှုများ စတင်ရန်ကိစ္စများကို ပါဝင်ဆွေးနွေးခဲ့သည်။

             အစည်းအဝေး၌ (၁၀) ကြိမ်မြောက် အာဆီယံ-ကနေဒါစီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို အတည်ပြုခဲ့ကြသည်။

             အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဆင့်မြင့်အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။