Main menu

Background

(၁၂-၁၁-၂၀၂၁) မှ (၁၈-၁၁-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 11/19/2021 - 15:22 -- journal_editor

  ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထား ရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၄) နိုင်ငံအနက် အင်ဒိုနီးရှား နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၀.၅၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Uganda နိုင်ငံတွင် (၈.၅၀ %)၊ လာအို နိုင်ငံတွင် (၆.၂၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၄၄) နိုင်ငံရှိကြောင်း တွေ့ရှိရ ပါသည်။

 ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ ကိုလံဘီယာ၊ အီဂျစ်၊ မိုနာကို၊ ပါကစ္စတန်နှင့် တောင်အာဖရိက စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၅၄) နိုင်ငံတွင် ယခင်အပတ် စျေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

 ဓာတ်ဆီစျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ မက္ကဆီကို၊ ယူကရိန်း၊ ဖင်လန်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်နှင့် ဟန်ဂေရီ အပါအဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၅.၆၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

 အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီ စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် အင်ဒိုနီးရှား နိုင်ငံတွင် (၁၀.၅၀ %) နှင့် လာအို နိုင်ငံတွင် (၆.၂၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် (၅.၆၀ %)၊ ဖိလစ်ပိုင် နိုင်ငံတွင် (၁.၆၀ %) နှင့် ထိုင်းနိုင်ငံတွင် (၀.၇၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

  ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၄) နိုင်ငံအနက် အင်ဒိုနီးရှား နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၁၃.၅၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Uganda နိုင်ငံတွင် (၁၂.၅၀ %)၊ လက်ဘနွန် နိုင်ငံတို့တွင် (၁၁.၉၀ %)နှင့် ဖိလစ်ပိုင် နိုင်ငံတို့တွင် (၈.၃၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၄၄) နိုင်ငံရှိကြောင်း တွေ့ရှိရပါသည်။

  ယခုတစ်ပတ်အတွင်း ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဖီဂျီ၊ ကင်ညာ၊ ပါကစ္စတန်၊ ပါရာဂွေးနှင့် ဆွီဒင် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း (၅၅) နိုင်ငံတို့တွင် ယခင်အပတ်များအတိုင်း ဈေးနှုန်း အပြောင်းအလဲ မရှိဘဲ ဒီဇယ်စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ဒီဇယ်စျေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ စပိန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ နော်ဝေ၊ ဂျာမနီ၊ အာဂျင်တီးနား၊ ဒိန်းမတ်နှင့် ဟန်ဂေရီ အပါအဝင် နိုင်ငံပေါင်း (၂၅) နိုင်ငံရှိပြီး ယခင်တစ်ပတ် စျေးနှုန်းထက် (၀.၁၀ %) မှ (၇.၄၀ %) ထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

 အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်စျေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် အင်ဒိုနီးရှား နိုင်ငံတွင် (၁၃.၅၀ %)၊ ဖိလစ်ပိုင် နိုင်ငံတွင် (၈.၃၀ %) နှင့် လာအို နိုင်ငံတွင် (၅.၁၀ %) ဖြင့် စျေးနှုန်းများ မြင့်တက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် (၃.၂၀ %)နှင့် ထိုင်း နိုင်ငံတွင် (၀.၂၀ %) ဖြင့် စျေးနှုန်း ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရပါသည်။

 ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် Global Petrol Prices Website ၌ ဖော်ပြ ထားရှိသည့် ကမ္ဘာ့စက်သုံးဆီ စျေးနှုန်းမှာ ဓာတ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၂၄) နှင့် ဒီဇယ်ဆီ (၁) လီတာတွင် အမေရိကန်ဒေါ်လာ (၁.၁၃) ရှိပြီး စက်သုံးဆီ စျေးနှုန်း နိုင်ငံ အလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီစျေးနှုန်း (၁) လီတာ (၀.၈၆) ဒေါ်လာနှုန်းဖြင့် (၃၄) နိုင်ငံမြောက် နှင့် ဒီဇယ်ဆီဈေးနှုန်း (၁) လီတာ (၀.၇၈) ဒေါ်လာနှုန်းဖြင့် (၃၁) နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦး၏ အွန်လိုင်း ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ စွမ်းအင် စျေးနှုန်းကျဆင်းရေးအတွက် အမေရိကန်သမ္မတမှ တရုတ်သမ္မတအား တရုတ်နိုင်ငံ၏ အရန် ထားရှိသော ရေနံများကို ထုတ်သုံးရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် တရုတ်နိုင်ငံအစိုးရမှလည်း အရန်သီးသန့် သိုလှောင်ထားရှိသော ရေနံများကို စျေးကွက် ထဲသို့ supply လုပ်ပေးမည့် အစီအစဉ် ရှိလာခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် WTI ရေနံစိမ်းစျေး တစည်ကို အမေရိကန် ဒေါ်လာ 78.36 သို့ ကျဆင်းလာပြီး Brent ရေနံစိမ်းစျေး တစည်ကို အမေရိကန်ဒေါ်လာ 80.28 သို့ ကျဆင်းနေကြောင်း တွေ့ရှိရပါသည်။ 

ပြည်တွင်းစျေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ နိုဝင်ဘာလ 1၉ ရက်နေ့တွင် အောက်တိန်း-92 တစ်လီတာလျှင် ၁၃၅၅ ကျပ်၊ အောက်တိန်း -95 တစ်လီတာလျှင် ၁၄၀၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၁၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၃၂၅ ကျပ် အသီးသီး စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်ကာ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ် မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးရန် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၅-၉-၂၀၂၁ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃၈ ဆိုင်နှင့် နေပြည်တော်တွင် အရောင်းဆိုင် ၈ ဆိုင် တို့တွင် သတ်မှတ် စျေးနှုန်းများဖြင့် ရောင်းချ ဆောင်ရွက်လျက်ရှိပါသည်။

  မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၉၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၈၃၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၇၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၆၅၀ ကျပ် ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၅၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၆၀ ကျပ်၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၃၁၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ် နေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၅၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၆၀ ကျပ်သို့ စျေးနှုန်းများ ကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။