ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုသိရှိပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာကိစ္စရပ်များနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပထမဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ကိုဗစ်-၁၉ကပ်ရောဂါနှင့်အခြေအနေအရပ်ရပ်ကြောင့်သက်ရောက်မှုများဖြစ်ပေါ်ခဲ့သော စီးပွားရေးပြန်လည် ဦးမော့လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆွဲဆောင်ရေး၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကိုပြေလည်အောင်ကူညီဖြေရှင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ ၊လက်ရှိပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာတွင်လွယ်ကူချောမွေ့စေရေးနှင့်ဥပဒေအရအကာအကွယ်ပေးရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာတွင် ထုတ်ပြန်ထားပြီးဖြစ်သည့် စံပြု လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်သွက်လက်လာရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံသူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေး အတွက် Onlineစနစ်များဖြင့်တွင်တွင်ကျယ်ကျယ်အသုံးပြုဆောင်ရွက်ပေးရေး၊ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်ထိရောက်ပြီးရလဒ် ထွက်ပေါ်စေနိုင်သည့်ဝန်ဆောင်မှုများပေးရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ပြည်တွင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ပြည်တွင်းအားကိုတိုးမြှင့်နိုင်အောင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ကိုမြှင့်တင်ရေး အတွက်ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ၊ ကိုဗစ်-၁၉ကြောင့်ထိခိုက်မှုရှိခဲ့သည့် စီးပွားရေး လုပ်ငန်းများအားအမြန်ဆုံးကုစားနိုင်ရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသောစီးပွားရေးဝန်းကျင်တစ်ရပ်တည်ဆောက်နိုင်ရန်ရည်ရွယ်ကာ မြန်မာနိုင်ငံစီးပွားရေးပြန်လည်ဦးမော့စေရေးစီမံချက်(Myanmar Economic Recovery Plan-MERP) ကိုရေးဆွဲဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံ၏စီးပွားရေးပေါင်းစည်းမှုလုပ်ငန်းစဉ်များတွင်လည်းဆက်လက်၍ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနှစ်နိုင်ငံနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလမ်းညွှန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်ကဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်ကဝန်ကြီးဌာနနှင့်ဦးစီးဌာနများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မှု၊ ဒေသ၏စီးပွားရေးဝန်းကျင်ကောင်းမွန်အောင်ဆောင်ရွက်သွားမည့်အစီအမံများနှင့် ဝန်ကြီးဌာနနှင့် ရုံးချုပ်က ပံ့ပိုးရန်လိုအပ်ချက်များကိုလည်းကောင်း၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကဌာန၏အုပ်ချုပ်မှုလုပ်ငန်းများ၊ အာဆီယံအပါအဝင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်ဖွံ့ဖြိုးမှုအကူအညီရယူဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။