Main menu

Background

(၃၁-၁၂-၂၀၂၁)မှ (၆-၁-၂၀၂၂)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 01/10/2022 - 09:51 -- journal_editor

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြား စျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ (ယာယီ) စာရင်းများအရ သကြား တန်ချိန် (၈) ထောင်ကျော်ကို ပင်လယ်ရေကြောင်းမှ ဗီယက်နမ် နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဗီယက်နမ် သကြားစျေးကွက်သို့ ထိုင်းနှင့် အခြားနိုင်ငံများမှ သကြားများ ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာနမှ ပြည်တွင်း လုပ်ငန်းများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သကြား တင်သွင်းမှုများကို anti-dumping duty လုပ်ဆောင်လျက်ရှိပြီး မိမိနိုင်ငံမှ နိုဝင်ဘာလ ပထမပတ်မှစ၍ သကြား တင်ပို့မှု မရှိကြောင်း တွေ့ရှိရပါသည်။

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် တရုတ်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော သကြား ဈေးနှုန်းမှာ (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၉၀၁) ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး၊ အမေရိကန် နိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၃၇၆) ဒေါ်လာ၊ ပါကစ္စတန် နိုင်ငံတွင် (၁) တန် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၉၂-၅၀၀) ဒေါ်လာ၊ အိန္ဒိယနိုင်ငံတွင် (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၄၉၀-၅၃၈) ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့တွင် သကြားစျေးနှုန်းများမှာ မြင့်တက်နေပြီး အိန္ဒိယနှင့် အမေရိကန်နိုင်ငံတွင် သကြားစျေးနှုန်းမှာ ကျဆင်းလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

           ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဒေသ၌ သကြား (၁) တန်လျှင် ပျမ်းမျှစျေးမှာ အမေရိကန်ဒေါ်လာ (၄၃၀) ဒေါ်လာရှိပြီး တရုတ်နိုင်ငံတွင် သကြား (၁) တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၉၀၁) ဒေါ်လာ ပေါက်စျေးရှိသောကြောင့် (၁) တန် ပေါ်တွင် အမေရိကန်ဒေါ်လာ (၄၇၁) ဒေါ်လာ ဈေးနှုန်း ကွာဟချက် ရှိပါသည်။ မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမြို့တွင် သကြား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၇) ဝန်းကျင်ရှိပြီး ထိုင်း နိုင်ငံ၊ မဲဆောက်မြို့၌ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၆၅) ဝန်းကျင်ခန့်ရှိကြောင်း လေ့လာ သိရှိရပါသည်။

        ထို့အပြင် ရက်သတ္တပတ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော သကြားပေါက်ဈေးများကို လေ့လာရာတွင် ကျိုင်းတုံနှင့် လွိုင်ကော်မြို့တို့တွင် သကြား ၁ ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး လားရှိုးမြို့တွင် သကြား ၁ ပိဿာ လျှင် (၁၂၀၀) ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။       

          Trading Economics Website တွင် ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် ကမ္ဘာ့သကြားဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ၃.၉၈ % ဈေးနှုန်း  ကျဆင်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။