Main menu

Background

မြေပဲသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 07/03/2023 - 14:41 -- journal_editor

မြေပဲကို လူမျိုးဘာသာမရွေး  စားသုံးကြပြီး မြန်မာလူမျိုးများ အနေဖြင့် ဆီကြိတ်၍လည်း စားသုံးကြသလို မြေပဲဆံကို ပဲကြော်၊ ပဲလှော်များ ကြော်လှော်၍ စားသုံးကြသသည်။   ပြည်ခရိုင်တွင် မြေပဲ၊ နှမ်းနှင့်  နေကြာဟူ၍  ဆီထွက်သီးနှံ  သုံးမျိုးရှိရာ မြေပဲသီးနှံသာ ဧကအများဆုံး စိုက်ပျိုးကြောင်းသိရသည်။ ယခုအချိန်တွင် ပြည် ခရိုင်၌ မိုးမြေပဲများ  စတင်စိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ပျိုး သည့် ဧကမှာ ၁၅၄၃ ဧက စိုက်ပျိုးပြီးဖြစ်သည်။

မြေပဲစတင်စိုက်ပျိုးသည့်ဒေသ
မြေပဲကို   တောင်အမေရိကတိုက်ရှိ     ဘရာဇီးလ်မှတစ်ဆင့် အာဂျင်တီးနား၊ မြောက်အမေရိကမှတစ်ဆင့် ကမ္ဘာအနှံ့သို့   ပျံ့နှံ့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။  မြေပဲသီးနှံကို ၁၈၈၅ ခုနှစ်ခန့်က အိန္ဒိယမှတစ်ဆင့် မကွေးတိုင်းသို့ ရောက်ရှိလာခဲ့သည်။ မကွေးတိုင်း ဒေသကြီးမှတစ်ဆင့်   မြန်မာနိုင်ငံအနှံ့အပြားသို့    ရောက်ရှိခဲ့ပြီး အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ပိုမိုစိုက်ပျိုး၍ အောင်မြင် ကြသည်။ပြည်ခရိုင်အနေဖြင့်၂၀၂၂-၂၀၂၃ခုနှစ်တွင် မြေပဲစုစုပေါင်း စိုက်ဧကမှာ ၇၂၃၂၂ ဧကရှိပြီး ရွှေတောင်မြို့နယ်နှင့်    ပေါက်ခေါင်း မြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိကာ ကျန်မြို့နယ်များတွင် အနည်းငယ်သာ စိုက်ပျိုးကြသည်။

မြေပဲအမျိုးအစားနှင့်သက်တမ်းကာလ
မြန်မာနိုင်ငံတွင် မြေပဲကို ပင်ထောင်မြေပဲနှင့် ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိသည်။ ပင်ထောင်မြေပဲအမျိုးအစားမှာ စပိန်ကလေးမြေပဲ နှင့် ဂျပန်ကလေးမြေပဲတို့ဖြစ်သည်။ ဂျပန်ကလေးမျိုးမှာ အနီရောင် အဆန်ရှိပြီး စပိန်မျိုး၏  အဆန်မှာ   ပန်းရောင်အဖျော့ရှိသည်။ ပင်ထောင်မြေပဲ၏ပင်စည်နှင့်အကိုင်းများသည်ထောင်မတ်၍ ပေါက် ရောက်ကြပြီး အသီးသီးရာတွင် အပင်ခြေမှာ စုပုံရောနှော၍သီးပြီး အသီးမှာ သေးငယ်ပါသည်။ ပင်ထောင်မျိုးမှာ သက်တမ်း သုံးလကြာ ပြီး အတောင့်အခွံပါး၍ အတောင့်တွင် အစေ့ပြည်ဝပါသည်။ ပင်ပြန့် အမျိုးအစားမှာ စပိန်ကြီးမြေပဲနှင့်ဗာဂျီးနီးယားမြေပဲတို့ဖြစ်သည်။ ပင်ပြန့်မြေပဲ၏ ပင်စည်သည် ထောင်မတ်ပြီး  အကိုင်းများမှာ မြေပြင် ပေါ်၌ထွား၍ သွားကြသည်။ အသီးသီးလျှင် အကိုင်းတစ်လျောက် မြေကြီးနှင့်  ထိသောနေရာများတွင်သီးပြီး    အတောင့်အခွံထူ၍ မာကျောပါသည်။ ပင်ပြန့်မျိုးသည် မြေပဲတောင့်တစ်တောင့်လျှင် တစ် လက်မခန့်ရှိပြီး သက်တမ်းမှာ (၅/၆)လခန့်အထိ  ကြာမြင့်သည်။ ဂျပန်ကလေးမြေပဲကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး စပိန်မြေပဲကို ပြည်ခရိုင်တွင် စိုက်ပျိုးကြသလို ရေဆင်းမျိုး၊ တွန်တာနီ၊ ဆင်းမဒေသာ နှင့် ပင်ပြန့်မျိုးတို့ကိုလည်း စိုက်ပျိုးကြသည်။

မြေပဲသီးနှံစိုက်ပျိုးချိန်
မိုးမြေပဲကို မေလနှင့်ဇွန်လတို့တွင်  မြေပြန့်ဒေသများတွင် စိုက် ပျိုးကြပြီး တောင်တန်းဒေသများတွင် စက်တင်ဘာလနှင့် အောက်တို ဘာလတို့တွင် စိုက်ပျိုးကြသည်။ ဆောင်းမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာတို့တွင် စိုက်ပျိုးကြသည်။ မြေပဲသည် ရေမဝပ်သော သဲဆန်သည့်မြေပွများတွင် ကောင်းစွာဖြစ်ထွန်းပြီး  ရေကောင်းစွာ စီးဆင်းမှုရှိသော သဲနှုန်းဆန်သော မြေမျိုးကို ကြိုက်နှစ်သက်ပြီး သစ် ဆွေးဓာတ် များလွန်းသောမြေတွင် စိုက်ပျိုးပါက မြေပဲအရောင်မည်း တတ်ပြီး သဲမြေများတွင် စိုက်ပျိုးပါက  အထွက်နှုန်းလျော့နိုင်သည်။ ပင်ထောင် မြေပဲကို မိုးရာသီတွင်ယာမြေများ၌ စိုက်ပျိုးခြင်း၊ ဆောင်း ရာသီတွင် ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးခြင်းနှင့် စပါးအပြီး သီးထပ် အဖြစ် စိုက်ပျိုးနိုင်သည်။
မျိုးစေ့ပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်း
ပင်ထောင်မြေပဲကို အတောင့်လိုက်စိုက်ပျိုးနိုင်သလို အဆန် အနေဖြင့်လည်း စိုက်ပျိုးနိုင်သည်။ အတောင့်လိုက်စိုက်ပျိုးလိုပါက ရေအေးတွင် ၁၂ နာရီမှ ၂၄ နာရီအထိ  ရေစိမ်ပြီး ၁/၂ နာရီခန့် အခြောက်ခံထားရပြီး စိုက်ပျိုးရသည်။ ပင်ပြန့်မြေပဲကို အတောင့် လိုက် စိုက်ပျိုး၍မရဘဲ အဆန်လိုက်စိုက်ပျိုးရသည်။ စိုက်ပျိုးရာတွင် မြေပဲစေ့ကို ပိုးသတ်ဆေးများ လူးနယ်ပြီး  စိုက်ပျိုးမှသာ ပိုးမွှားဖျက် ဆီးမှု သက်သာစေပြီး အပင်ပေါက်နှုန်း ကောင်းလာမည်ဖြစ်သည်။

စိုက်ပျိုးမြေပြင်ဆင်ခြင်း
ပင်ထောင်မြေပဲကို မိုးရာသီတွင် ကုန်းကျသော ယာမြေများ တွင် စိုက်ပျိုးနိုင်ပြီး မိုးမြေပဲ စိုက်ပျိုးရန် မြေကို မိုးမကျမီ ထယ်ရေးခွဲ ပေးထားလျှင် မိုးကျလျှင်စိုက်ပျိုးနိုင်သည်။  ထယ်ထိုးရာတွင် သဲ ဆန်သောမြေဖြစ်လျှင် ဧပြီလတွင် စတင်ထယ်ထိုးရသည်။ မြေစေး ဖြစ်ပါက မတ်လနှင့် ဧပြီလတွင်  ထယ်ထိုးရသည်။  
ထယ်ထိုးပြီး၍ (၂/၃)ရက်အကြာတွင် လယ်စာခဲခြောက်သွေ့ လာပါက တလိမ့်တုံး၊ ဂျမ်းတုံးများဖြင့် ထယ်အခဲများကို ခြေပေးရ သည်။ ထိုသို့ သုံးသွား ထွန်၊ လေးသွားထွန်တို့ဖြင့် ထွန်ယက်ပေးပြီး ပေါင်းမြက်များကို ဖော် ထုတ်၍ ရှင်းလင်းပေးရသည်။  
စိုက်ပျိုးမှု
မြေပဲကိုစိုက်ပျိုးရာတွင် မျိုးစေ့ချနှုန်းမှာ   တစ်နေရာနှင့်တစ် နေရာ မတူဘဲ မြေကောင်းသောနေရာတွင် စိုက်ကြောင်းကျဲပြီး မြေညံ့ သောနေရာတွင်  စိုက်ကြောင်းကျဉ်းထား၍ စိုက်ပျိုးရသောကြောင့် မျိုးစေ့ချနှုန်းမှာ တစ်ဧကလျှင် မျိုးမြေပဲတောင့် ငါးတင်းမှ ရှစ်တင်း  အထိ လိုအပ်သည်။ မြေပဲတောင့်တစ်တင်းလျှင်   မြေပဲဆန် ငါးပြည် အထိ ရရှိနိုင်သည်။ ပင်ထောင်မြေပဲစိုက်ပျိုးလျှင် တစ်တန်းနှင့် တစ်တန်း ၁၅ လက်မမှ ၁၈ လက်မထိ၊ တစ်ပင်နှင့်တစ်ပင် နှစ်လက်မ မှ သုံးလက်မခြား၍ စိုက်ပျိုးရသည်။ ပင်ပြန့်မြေပဲကို တစ်တန်းနှင့် တစ်တန်း ၁၈ လက်မခန့်နှင့် တစ်ပင်နှင့်တစ်ပင် လေးလက်မမှ ခြောက် လက်မခန့်ခြား၍ စိုက်ပျိုးရသည်။ သဲဆန်သောမြေတွင် မြေပဲ စိုက်ပျိုးပါက အာဟာရဓာတ်ချို့တဲ့သဖြင့် ဓာတ်မြေသြဇာများဖြည့် တင်းပေးရန် လိုအပ်သည်။ တောင်သူများအနေဖြင့်  မြေပဲစိုက်ပျိုး ရာတွင် လုပ်အားခသက်သာစေရန်အတွက်  ထွန်ရေးဝင်နေချိန်တွင် ကြဲပက်၍ စိုက်ပျိုးကြသည်။ မျိုးစေ့ချ၍ စိုက်ပျိုးရာတွင် မျိုးစေ့များ ကို ခြောက်သွေ့သောအရပ်၌ မြေအနက်သုံးလက်မခန့်နှင့် မြေစို သောအရပ်၌ နှစ်လက်မမှ(သုံးလက်မအတွင်း မျိုးစေ့ချစိုက်ပျိုးရ သည်။ စိုက်ပျိုးပြီး (၄/၅)ရက်အကြာတွင် အပင်ပေါက်လာကြပြီး ညှောက်ပေါက်စတွင် လေးသွားထွန်ဖြင့် အပင်များကို ကန့်လန့်ဖြတ် မှုန်းပေးရသည်။ 
စိုက်ပြီး ၂၂ ရက်အကြာတွင်    ပန်းများ  စတင်ပွင့်လာပြီး နောက်(၄/၅)ရက် အကြာတွင် ဆက်တိုက် ပွင့်လာကြသည်။ မြေပဲ စိုက်ပျိုးပြီး ရက် ၃၀ အကြာတွင် ကြားလိုက်ပေးရပြီး  ၄၅ ရက် အကြာတွင် ဘောင်တင်ပေးရသည်။ ကြားလိုက်ခြင်း၊ ဘောင်တင် ခြင်းတို့ကိုပြုလုပ်ရာတွင် ထွန်ကြောင်းဖြောင့်မှ အပင်ထိခိုက်မှုမရှိဘဲ အထွက်နှုန်းကောင်းမွန်မည်ဖြစ်သည်။
ရိတ်သိမ်းခြင်း
မိုးမြေပဲကို စက်တင်ဘာလတွင်ရိတ်သိမ်းပြီး ဆောင်းမြေပဲကို ဇန်နဝါရီလတွင် ရိတ်သိမ်းရသည်။ မြေပဲ ပင်နုတ် သိမ်းတော့မည် ဆိုလျှင် မြေပဲစည်များညှိုးလာပြီး အရွက်ဝါ၍ ြွေကကျလာပါက မြေပဲ ပင်ကို နုတ်ကြည့်လျှင် အခွံအတွင်းသား အညိုရောင်ဖြစ်နေပါက နုတ်သိမ်းချိန်  ရောက်လာပြီဖြစ်သည်။ မြေပဲနုတ်သိမ်းချိန် နောက် ကျပါက အနုတ်ရခက်ပြီး နုတ်သိမ်းချိန်စောပါက အတောင့်ထဲတွင် ရေများနေသဖြင့် ကြာကြာ နေလှန်းရပါသည်။ ထိုမြေပဲသည် ဆီထွက် နှုန်းလည်း ကျဆင်းတတ်သည်။ မြေပဲတစ်ဧကလျှင်  အထွက်တင်းမှာ တင်း ၄၀ မှ တင်း ၅၀ ကျော်အထိ ထွက်ရှိသည်။

မြေပဲသီးနှံစားသုံးခြင်းနှင့်အသုံးပြုပုံ
မြေပဲကို ဆီကြိတ်ခွဲ၍ ဆီအဖြစ်   စားသုံးခြင်းနှင့် မြေပဲကို လှောင်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း စားသုံးနိုင်ပြီး အခြား မုန့်ပဲသရေစာများပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ မြေပဲဆီ အဖြစ် ကြိတ်ခွဲရာတွင် မြေပဲအခွံပါတစ်တင်းကို ဆီကြိတ်လျှင် မြေပဲ ဆီနှစ်ပိဿာခန့်ထွက်ရှိပြီး မြေပဲဆန် ၁၀ဝ ပိဿာ ကြိတ်ခွဲလျှင် ဆီ ပိဿာ ၄၀ ထွက်ရှိသည်ဟု သိရှိရသည်။ ဆီကြိတ်ပြီးထွက်ရှိသော မြေပဲဖက်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ မြေပဲ ကြိတ်ဖတ်သည် အခြားဆီကြိတ်ဖတ်များထက် နိုက်ထရိုဂျင်ဓာတ် ပိုမိုပါဝင်သည်ဟု သိရသည်။

တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်
ပြည်ခရိုင်တွင် ယခုအချိန်တွင် မြေပဲများစိုက်ပျိုးနေချိန်ဖြစ်ပြီး မြေပဲများ ရိတ်သိမ်းမှုမရှိသေးသည့်အတွက်  ၂၀၂၂- ၂၀၂၃ခုနှစ် အတွက် တစ်ဧကခန့်မှန်းကုန်ကျစရိတ်  ကျပ်ငါးသိန်းကျော် ကုန်ကျ နိုင်မည်ဖြစ်သည်။   အထွက်နှုန်းအနေဖြင့်လည်း   ယခင်နှစ်က အတိုင်း တစ်ဧကကို တင်း ၅၀ ကျော်ထွက်ရှိမည်ဆိုလျှင် တောင်သူ အကျိုးအမြတ်အနေဖြင့် သုံးသိန်းနီးပါး အမြတ်အစွန်းများရှိနိုင်မည် ဖြစ်သည်။

ကုန်စည်စီးဆင်းမှုနှင့်ဈေးနှုန်းဈေးကွက်
ပြည်ဈေးကွက်သို့ မြေပဲဆန်စီးဆင်းမှုမှာ ယခုအချိန်တွင် မိုး မြေပဲများ စိုက်ပျိုးချိန်ဖြစ်သဖြင့် ကံမ၊ မြန်အောင်၊ ကြံခင်းနှင့်ပေါက် ခေါင်းဘက်မှ ရက်ခြားဝင်ရောက်မှုရှိပြီး ဝင်ရောက်သည့်ရက်တွင် အိတ် ၅၀ဝ ခန့် ဝင်ရောက်သည်ဟုသိရသည်။ 
ပြည်ပွဲရုံရှိ မြေပဲဆန်များကို ဒေသတွင်း ဆီစက်များနှင့်ပဲလှော်၊ ပဲကြော်သမားများက ဝယ်ယူမှုရှိပြီး မန္တလေးတိုင်းသို့လည်း တင်ပို့ ရောင်းချကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ယခုဇွန်လ နောက် ဆုံးပတ်တွင် မြေပဲဆီဆန် (အဖြူ) တစ်ပိဿာလျှင် ကျပ် ၆၃၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၇၇၀ဝ ဖြင့် ယခင် မေလကုန်ပတ်ထက် တစ်ပိဿာလျှင် ၁၀ဝ-၂၀ဝ ကျပ်ခန့်ဈေးမြင့်တက်လာခဲ့သည်။ ဇွန်လနောက်ဆုံးပတ်တွင် လုံးဆန်ဈေးမှာ  (အဖြူ)တစ်ပိဿာလျှင် (၆၈၀ဝ) ကျပ်၊ (အနီ)တစ်ပိဿာလျှင်  ၈၂၅၀ ကျပ်ဖြင့် ယခင်မေလ ကုန်ပတ်ထက် တစ်ပိဿာလျှင် ၁၀ဝ-၁၅၀ ကျပ်ခန့် ဈေးမြင့်တက် လာခဲ့သည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ၁၃၄၀ဝ ကျပ် ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မြေပဲကို လူမျိုးဘာသာမရွေး  သုံးစွဲနိုင်ပြီး အရည်အသွေးမီ မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းတွင် စားသုံးဆီဖူလုံမည့်အပြင် ပြည်ပဈေးကွက်သို့လည်း အရည်အသွေးကောင်းမြေပဲဆန်များကိုတင်ပို့ရောင်းချနိုင်ပြီး နိုင်ငံ ခြားဝင်ငွေများလည်း ရရှိလာနိုင်မည်ဖြစ်သည်။    

 

ဝေဝေမင်း (ပြည်)