Main menu

Background

ပြည်ဒေသထွက် မိုးပဲတီစိမ်းသီးနှံ နှစ်အလိုက် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Wed, 08/30/2023 - 15:48 -- journal_editor

ပြည်ပဲဈေးကွက်အတွင်း ယခုနှစ်ပဲသီးနှံအားလုံး ဈေးမြင့်တက်ခဲ့ခြင်းကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ စသည့် ပြည်ပဝယ်လိုအား  ပဲအားလုံး ဈေးကောင်းရလျက်  ရှိခဲ့ကြသည်။  အဆိုပါပဲများ ဈေးကောင်းရနေသော်လည်း ပဲတီစိမ်းသီးနှံမှာ ယခုနှစ်တွင် ဈေးအေးနေခဲ့ကြောင်း သိရသည်။
ပြည်ဈေးကွက်သို့  မိုးပဲတီစိမ်းသစ်များ ဇူလိုင်လမှစ၍  နေ့စဉ် ကုန်းလမ်း၊ ရေလမ်းတို့မှ ဝင် ရောက်လာခဲ့ကြသည်။ တစ်ရက်လျှင် အိတ် ၂၀ဝ-၃၀ဝ ကျော်ဝင်ရောက်ခဲ့ပြီး ဝယ်လိုအားအနေဖြင့် မန္တလေးဝယ်လက် အဓိကထားဝယ်ယူနေ၍ ဝင်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြသည်။ ပဲတီစိမ်း သီးနှံသည် နှစ်စဉ်လိုလို အခြားပဲများနှင့်ယှဉ်လျှင် ဈေးကောင်းရသည့် သီးနှံဖြစ်ခဲ့သော်လည်း ယခု နှစ် ပဲတီစိမ်းသီးနှံ ဈေးနှုန်းအနေဖြင့်  မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများ၏  ဈေးအောက် ရောက်ရှိ ခဲ့ပြီး တစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ ကျော်မှ သုံးသောင်းကျော်၊ လေးသောင်းကျပ်အထိ ဈေးလျော့နည်း နေခဲ့သည်။ ပဲတီစိမ်းသီးနှံ၏ ကာလတူအချိန် နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအား အောက်ပါ အတိုင်း လေ့လာသိရှိရသည်-
    စဉ်    ခုနှစ်    ဈေးနှုန်း(အနိမ့်)    ဈေးနှုန်း(အမြင့်)
    ၁။    ၂၀၂၀    ၃၃၀ဝ၀ ကျပ်    ၃၇၀ဝ၀ ကျပ်
    ၂။    ၂၀၂၁    ၃၃၀ဝ၀ ကျပ်    ၃၆၀ဝ၀ ကျပ်
    ၃။    ၂၀၂၂    ၄၅၀ဝ၀ ကျပ်    ၄၆၀ဝ၀ ကျပ်
    ၄။    ၂၀၂၃    ၅၄၀ဝ၀ ကျပ်    ၅၇၀ဝ၀ ကျပ်
အဆိုပါ ဇယားအရ ပဲတီစိမ်းသီးနှံသည် နှစ်အလိုက်  ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်ဈေးနှုန်းမှာ သိပ်ကွာခြားမှုမရှိဘဲ ၂၀၂၂ ခုနှစ်မှစ၍ တစ်နှစ်ထက်တစ်နှစ် ဈေးပိုရလာသည်ကို တွေ့ရသော်လည်း အခြားပဲသီးနှံများအနေဖြင့် ယခုနှစ်တွင် ယခင်နှစ်များက ထက် ဈေးနှုန်းများ သိသိသာသာ ပိုမြင့်တက်လာသည်။ 
ပြည်ခရိုင်အတွင်း ပဲတီစိမ်း သီးနှံအား ဆောင်းသီးနှံထက် မိုးသီးနှံကိုသာ အဓိကထားစိုက် ပျိုးပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များတွင် စုစုပေါင်းစိုက်ဧက ၄၉၁၄ ဧကခန့် စိုက်ပျိုးခဲ့ကြသည်။ ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၇ တင်းခန့် ထွက်ရှိသည်ဟု သိရသည်။             
ပဲတီစိမ်းသီးနှံသည် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲစသည့် သီးနှံများကဲ့သို့ တစ်နှစ်တာလုံး ဈေးကွက် အတွင်း ရောင်းချနေသည့်   ပဲသီးနှံမျိုးမဟုတ်ဘဲ ပဲထွက်ပေါ်ချိန်၊ အထွက်လှိုင်ချိန်များတွင်သာ အရောင်းအဝယ်သွက်နေခဲ့သော သီးနှံဖြစ်သည်။ ပဲတီစိမ်းသီးနှံအား တစ်နှစ်တာလုံး သိုလှောင်ထား ရှိမှု သိပ်မရှိဘဲ မျိုးလောက်သာချန်၍ ရောင်းချကြောင်း သိရသည်။ ပြည်ဈေးကွက်အတွင်း ဝင် ရောက်လာသော ပဲတီစိမ်းသီးနှံများမှာ ပြည်ဒေသအနီးတဝိုက် ပြည်ခရိုင်မှ ထွက်ရှိသော ပဲများအပြင် မကွေးတိုင်းဒေသကြီး မင်းတုန်း ၊ ကံမမြို့နယ်များမှ ပဲများလည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
 

ခင်ဆွေဝင်း (ပြည်)