Main menu

Background

ရှမ်းပြောင်းအဝင်မရှိလို့ ဈေးမြင့်တက်လာ

Tue, 10/24/2017 - 18:09 -- journal_editor

        ရှမ်းပြည်နယ်(တောင်ပိုင်း)မှာအခုထိ  မိုးမပြတ်သေးပါဘူး။ မုန်တိုင်းအရှိန် ကြောင့် မိုးကောင်းနေပါတယ်။ မိုးမပြတ်သေးတာကြောင့် ပြောင်းတွေကိုလည်း ရိတ်သိမ်းလို့ မရသေးဘူးလို့သိရပါတယ်။ ဈေးကွက်မှာလည်း  ပစ္စည်းအဝင်နည်း နေတော့ အရင်လကထက်ပိုပြီးဈေးတက်လာပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ပြောင်းကို  မြို့နယ်အနှံ့စိုက်ပျိုးကြပြီး အဓိကရောင်းကုန်အဖြစ် ထုတ်လုပ်ကြ တာဖြစ်ပါတယ်။ နှစ်စဉ်သီတင်းကျွတ်ပြီးရင် ပစ္စည်းတွေအဝင်များလာပေမယ့် ဒီနှစ်တော့ မိုးကြောင့် မရိတ်သိမ်းနိုင်လို့  တန်ဆောင်မုန်းလမှ ဝင်လာနိုင်မယ်လို့ ဈေးကွက်က သိရပါတယ်။အခုလောလောဆယ်မှာ အစိုဓာတ်တွေရှိနေသေးတာ ကြောင့် ဈေးကွက်မှာ အနည်း အကျဉ်းသာ  ဝင်ရောက်နေတယ်လို့ သိရပါတယ်။ တိရစ္ဆာန်အစာစပ်စက်ရုံတွေဖြစ်တဲ့   CP ကုမ္ပဏီ၊ တက်ချောင်ကုမ္ပဏီတွေကလည်း ပြောင်းအသစ်တွေကိုဝယ်ယူဖို့ပြင်ဆင်နေကြပါပြီ။ CP ကုမ္ပဏီကတော့ တန်ဆောင် မုန်းမှာ စပြီးဝယ်ယူမှာဖြစ်ပြီး တန်ချိန် နှစ်သောင်းခန့်ဝယ်ယူဖို့ လျာထားချက်ရှိတယ် လို့တာဝန်ရှိသူတစ်ဦးထံမှသိရှိရပါတယ်။
    ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ပြောင်းသစ်  တစ်ပိဿာပေါက်ဈေးက ၄၂၅ကျပ်ရှိပါတယ်။ယခင်လက တစ်ပိဿာကို ကျပ်၃၆၀မှ ၃၈၀သာရှိပြီး ဒီတစ်ပတ် ပေါက်ဈေးက ၄၂၅ ကျပ်ရှိလို့  တစ်ပိဿာကို ၄၅ ကျပ်ခန့် ဈေးတက်လာကြောင်း သိရပါတယ်။                       

   ဧဧခိုင်(တောင်ကြီး)