Main menu

Background

မြန်မာ့ငရုတ်ကောင်းနှင့် ငရုတ်သီးခြောက်စံချိန်စံညွှန်းများ ရေးဆွဲရန် အစည်းအဝေးကျင်းပ

Thu, 10/24/2019 - 13:17 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးအောင်မောင် ဦးဆောင် သော စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏ (၅/၂၀၁၉) ကြိမ်မြောက်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ  သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ  အစည်းအဝေးတွင် နည်းပညာဆပ် ကော်မတီဥက္ကဋ္ဌ ဦးအောင်မောင်းက အမှာစကား ပြောကြားရာတွင် မိမိတို့နည်းပညာဆပ်ကော်မတီ အနေဖြင့်  လယ်ယာထွက်ကုန်သီးနှံ ၂၇ မျိုးနှင့်  ISO 712 တစ်ခု စုစုပေါင်း ၂၈ ခုကို   အမျိုးသား စံချိန်စံညွှန်းကောင်စီသို့ အဆိုပြုလွှာများတင်သွင်း ခဲ့ပြီးဖြစ်ရာ  အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ ၁၀-၇-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၈ ဖြင့်မြန်မာဆန်နှင့်  အချို့သော ပဲစေ့ အမျိုးအစားကိုလည်းကောင်း ၂၁-၂-၂၀၁၉ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ်  ဝ၂၂/၂၀၁၉ ဖြင့် ဖရဲသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကျွဲကောသီး နှင့် ကော်ဖီစေ့စံချိန်စံညွှန်း များကိုထုတ်ပြန်ပြီးဖြစ် ကြောင်း၊ ကျန်သီးနှံ ၁၄မျိုးနှင့်  ISO 712  ကိုလည်း စံချိန်စံညွှန်း လုပ်ငန်းကော်မတီမှတစ်ဆင့် အများ ပြည်သူ သဘောထားမှတ်ချက် တောင်းခံထားပြီး ဖြစ်ကြောင်း၊ ယခုအခါ ပြည်ပတင်ပို့မှုရှိလာသည့် မြန်မာ့ငရုတ်ကောင်းနှင့် ငရုတ်သီး(ခြောက်) စံချိန် စံညွှန်းများကို   ရေးဆွဲရန် လိုအပ်သည့်အတွက် ငရုတ်သီး (ခြောက်)နှင့် ငရုတ်ကောင်းတို့ကို စံချိန် စံညွှန်းရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Working Group)ကို ၈-၁၀-၂၀၁၉ ရက်တွင် အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့ စည်းထားကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့မှ တင်ပြ လာသော စံချိန်စံညွှန်းမူကြမ်းအပေါ်တွင် တက် ရောက်လာကြသော ပညာရှင်များမှ  ဝိုင်းဝန်းဖြည့် စွက်အကြံပြုစေလိုပါကြောင်း၊ ဆက်လက်၍ စိုက် ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေး ဆွဲရေး နည်းပညာဆပ်ကော်မတီမှ ပဲပုပ်၊ မန်ကျည်း၊ ဓနိဖူး နှင့်  မြန်မာ့သနပ်ခါး စသည့်စံချိန်စံညွှန်းများကို လည်း ရေးဆွဲနိုင်ရန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအော်ဂဲနစ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ မသန်း သန်းစိန်က မြန်မာ့လက်ဖက် (အစို/ အခြောက်/ အချိုခြောက်) နှင့် မြန်မာ့အော်ဂဲနစ်သီးနှံဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရန်အတွက် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တက်ရောက်လာကြသော   ဌာနဆိုင်ရာ အသီးသီးနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်ပညာရှင် များ ပူးပေါင်းပါဝင်သည့် နည်းပညာဆပ်ကော်မတီ အဖွဲ့ဝင်များက ငရုတ်ကောင်းနှင့် ငရုတ်သီး (ခြောက်) စံချိန်စံညွှန်းများအပေါ်တွင် ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြပြီး ညနေ ၄ နာရီတွင် အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။

 

မောင်မောင် (CTQM)