Main menu

Background

မြန်မာနိုင်ငံအတွင်းရှိ ကျွဲ၊ နွားများအား တရုတ်က တရားဝင်လက်ခံခြင်းမရှိသေး

Thu, 10/24/2019 - 13:53 -- journal_editor

        ပြည်တွင်းရှိ ကျွဲ၊ နွားများအား  မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခွင့် ရရှိပြီဖြစ်သော်လည်း တရုတ်နိုင်ငံဘက်က  တရားဝင်လက်ခံခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။  သို့ဖြစ်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် လက်ရှိတွင် မြန်မာ့ ကျွဲ၊ နွားများအား  တရုတ်နိုင်ငံဘက်က တရားဝင်လက်ခံလာနိုင်ရေးအတွက်  ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အခု တရုတ်က တရားဝင်လက်ခံလာနိုင်ဖို့ ညှိနှိုင်းနေတယ်။ မြန်မာနိုင်ငံကတော့  တင်ပို့ခွင့်ကို တရားဝင်ပေးလိုက်ပြီ။  တရုတ်ကတော့ တရားဝင် လက်မခံသေးဘူး။ အခုလက်ရှိက တရားမဝင်လမ်းကြောင်းကနေပဲ ပို့နေရတဲ့ ပုံစံ။ မွေးမြူ ရေးနဲ့ ကုသရေးဦးစီးဌာနကတော့   ညှိနှိုင်းနေတုန်းပဲ  တရုတ်က တရားဝင်ဝယ်ဖို့တော့ရှိတယ်။  အောက်ပိုင်းလေးတွေမှာ ညှိတဲ့သဘောပေါ့။ ဘယ်လိုအခြေအနေမှာ နွားကိုလက်ခံမလဲ။ အဓိကကတော့  ကျန်းမာရေးပေါ့။ ခွာနာ၊  လျှာနာ ကင်းစင်ဖို့ ကင်းစင်တဲ့ ကျွဲ၊ နွားတွေကို ဘယ်လိုဝယ်ယူမလဲဆိုတဲ့အပိုင်းတွေ ညှိနေတာမျိုးတွေရှိတယ်”ဟု ဒေါက်တာ ကျော်ထင်က ပြောသည်။

           အိန္ဒိယနယ်စပ်မှ  မြန်မာပြည်သို့ ကျွဲ၊ နွားများယူလာပြီး   တရုတ်သို့ ပြန်လည်ပို့ဆောင်သည်ဟူသော အချက်ကြောင့် မြန်မာကုန်သည်များအနေ ဖြင့် ယင်းတင်ပို့မှုတွင် အခက်အခဲများရှိနေကြောင်း သိရသည်။ “ဒီ တရားမဝင် ကျွဲ၊ နွားတင်ပို့မှုတွေကြောင့် မြန်မာကုန်သည်များအနေနဲ့  ကျွဲ၊ နွားတွေကို တရုတ်ဘက်ကို အရင်ဆုံးပေးလိုက်ရပါတယ်။ တရုတ်ကုန်သည်တွေက နောက်တစ်ကြိမ် ပိုက်ဆံပြန်ရှင်းမှသာ မြန်မာကုန်သည်တွေက ငွေရရှိတာပါ။ ငွေမရှင်းဘူးဆိုရင် တော့ ကျွဲ၊ နွားတွေလည်းဆုံး၊ ငွေလည်းဆုံးပေါ့”ဟု  ၎င်းက ပြောဆိုသည်။  ကျွဲ၊ နွားတင်ပို့မှု တရားဝင်ဖြစ်ပါက  စာချုပ် စာတန်းများကြောင့် အကောင်အရေအတွက် မိမိလိုလားချက်များ ညှိနှိုင်းယူ၍ရကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ပြည်ပသို့ ကျွဲ၊ နွား တရားဝင်တင်ပို့ခွင့်ရရှိခဲ့ပြီး အမိန့်စာထုတ်ပြီးသည့်အချိန်ကာလမှ   ယနေ့အထိ ကျွဲ၊ နွားအကောင်ရေ လေးသိန်းကျော် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 ပန်းဆု