Main menu

Background

အလားအလာကောင်းသည့် ဖရဲသခွား

Mon, 11/25/2019 - 10:40 -- journal_editor

      သီတင်းကျွတ်လို့ မိုးလေကင်းလာတဲ့  ခုလိုအချိန်ရောက်တိုင်း ကွတ်ခိုင်တောင်တန်းတွေကို အားမာန်နဲ့တက်ပြီး မူဆယ်ကိုရောက်လာနေကြ သီးနှံကတော့ ဖရဲ၊ သခွားပဲ ဖြစ်ပါတယ်။ ဝယ်လက်တရုတ်ကလည်း သူတို့ကိုယ်တိုင် ပြည်တွင်းမှာရင်းနှီးပြီး စိုက်ပျိုးထုတ်လုပ်လာသလို မြန်မာပြည်ကထွက်သမျှ ဖရဲသီးတွေကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရဲ့ သစ်သီးဝလံကုန်စည်ဒိုင်မှာ ဈေးနှုန်းလေးတွေချိန်ဆပြီး   ဝိုင်းအားပေးနေကြဆိုတော့ နှင်းတွေဝေနေတုန်း  နံနက်ပိုင်းကပင် စတင်ပြီး စည်ကားလို့နေပါတယ်။ ဖရဲသခွားတွေဆိုတာကလည်း မြန်မာပြည်အနှံ့ကဆိုရလောက်အောင် ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ သီပေါ၊ သိန်းနီ၊ ကျောက်ဆည်၊ တံတားဦး၊ ကျောင်းကုန်း၊ ပုလိပ်၊ လှည်းကူး၊ ချောင်းဦးတို့က ထွက်သမျှဟာ ဝယ်လက်ရှိရာ အရှေ့မြောက် အရပ်ဆီကိုသာ  ဦးတည်လာနေရာ တရုတ်ဝယ်လက်တွေက  မူဆယ်သစ်သီးဒိုင်တွေက စောင့်ဝယ် နေကြတော့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှာ တန်ချိန် ၇၃၀ဝ၀ဝ ကျော်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၇၀ သန်းကျော်၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာ တန်ချိန် ၇၁၀ဝ၀ဝ ကျော်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၆၀ သန်း ကျော် တင်ပို့လာနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ ကနဦးတာထွက် မှာတော့ ဖရဲဈေးကအမြင့်ဈေးနဲ့တစ်တန်ကို ယွမ်၁၄၀ဝဈေးပေါက်ခဲ့တော့ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်တင်ပို့သူတွေ အတွက် အတော်လေးတွက်ခြေ ကိုက်တယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ ဒီနှစ်ရဲ့ဖရဲစိုက်ရာသီမှာမိုးများတော့ ဖရဲအလုံးလှ ပေမယ့် အရည်အသွေးအနည်းငယ်ကျတာကြောင့် ဖရဲတွေလှိုင်လှိုင်ပေါ်ချိန်မှာတော့  တစ်တန်ကို ယွမ် ၁၁၀ဝ ဈေးအနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။ ဒါပေမဲ့  အလုံးလှ အရည်အသွေးကောင်းတဲ့ ဖရဲတွေကတော့ အဝယ် လိုက်နေတုန်းပါပဲ။ အရည်အသွေးတွေ ထိန်းနိုင်ရင် ဆက်လက်လည်း တင်ပို့နိုင်ဦးမှာပါ။

     ဖရဲသခွားဆိုတဲ့အမျိုးကလည်း စတင်စိုက်ပျိုးတဲ့အချိန်ကစပြီး ဂရုစိုက်ရတာဖြစ်ပြီး  ဆွတ်ချိန်တန်ပြီဆိုရင်လည်း ဆွတ်မှ၊ မဆွတ်ရင်လည်း အရည်အသွေးက ကျသွားပြန်၊ ဆွတ်ပြီးရင်လည်း အမြန်ပို့ဦးမှ၊ ဆွတ်ချိန်မတန်ခင် ဆွတ်ပြန် ရင်လည်း နုမည့်အသီးကို ဝယ်လက်က မကြိုက်သလို ဖရဲအရည်အသွေးကိုလည်း လက်နဲ့ပုတ်ကြည့်တာနဲ့ သိကြလေတော့ စတင်စိုက်ပျိုးချိန်ကနေရောင်းချတဲ့အချိန်အထိ ဈေးကောင်းရအောင် အတော်ချိန်ဆရတဲ့ သဘော ရှိနေပါတယ်။ လက်ရှိ ဖရဲအမျိုးအစားအလိုက် ဈေးနှုန်းကတော့ အကျားသီး တစ်တန် ယွမ် ၈၅၅၊ ရှမ်းပြည်ထိပ်စသီး  တစ်တန် ယွမ် ၁၄၀ဝ/၁၅၀ဝ ထိ၊ သာမန်အလတ်စ/အောက်စသီးများ အစီးပြတ်၊ မြန်မာပြည်ထိပ်စသီး တစ်တန် ယွမ် ၁၀ဝ၀/ ၁၁၀ဝ အထိရှိကြောင်း၊ လုပေါင်းနှင့်အဖြူသီးမှာ အစီးပြတ် ယွမ် ၅၀ဝ၀မှ ၁၂၀ဝ၀ အတွင်းရှိကြောင်း၊  တရုတ်ငွေဈေး တစ်ယွမ် ၂၁၂ ကျပ် ဝန်းကျင်ရှိကြောင်းသိရသည်။ ယခုနှစ်ရဲ့ ဖရဲရာသီမှာ တာထွက်ကောင်းခဲ့သလို အထွက်လည်းကောင်းခဲ့တာကြောင့် ယခင်ကာလတူနှင့်နှိုင်းယှဉ်ရင် ၂၀၁၉ ခုနှစ်ရဲ့ အောက်တိုဘာလတစ်လ တည်းမှာပဲ ယခင်နှစ်ကာလတူထက် ဖရဲတန်ချိန် ၁၅၁၁၄ ဒသမ ၅၀ တန်၊ တန်ဖိုး ၁ ဒသမ ၃ ဒေါ်လာသန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဖရဲကားတွေက တစ်နေ့ကို ပျမ်းမျှ အစီးရေ ၁၅၀ မှ ၂၀ဝ အထိ ဝင်ရောက်ပြီး နေ့စဉ်ဈေးနှုန်းအခြေအနေပေါ်မူတည် ပြီး တရုတ်ဘက်ကို တင်ပို့နေတာ တွေ့ရတဲ့အပြင် တရုတ်ဈေးကွက်မှာလည်း မကြာမီ၎င်းတို့ဒေသထွက် ဖရဲလက် ကျန်တွေကုန်တော့မှာဖြစ်တဲ့အတွက် ဆက်လက်တိုးတက်တင်ပို့လာနိုင်ဦးမယ့်  အခြေအနေတွေရှိတာကြောင့် အလားအလာကောင်းသည့်ဖရဲသခွားဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

 

ဝင်းနိုင်(မူဆယ်)