Main menu

Background

တရုတ်သို့ ဖရဲနှင့် သခွားမွှေးတင်ပို့ရန် များစွာကျန်ရှိနေ

Thu, 02/06/2020 - 12:53 -- journal_editor

      တရုတ်နိုင်ငံ ဝူဟန်မြို့တွင်လက်ရှိ ဖြစ်ပွားနေ သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်ဂိတ်၌ ဝယ်လက်များ မရှိတော့သည့်အတွက် ဖရဲနှင့် သခွား မွှေး တန်ချိန် ခုနစ်သိန်းခန့်တင်ပို့ရန် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း   ဥက္ကဋ္ဌ ဦးနိုင်ဝင်းက တညင်းကုန်းဈေး  တိုက် ၁၇ သုံးလွှာ၌ ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်သို့ တစ်နှစ်လျှင် ဖရဲသီး တန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲကျော် နှစ်စဉ် တင်ပို့လျက်ရှိရာတွင် ယခု ၂၀၂၀ ပြည့်နှစ်၌ ဖရဲတန်ချိန် နှစ်သိန်းဝန်းကျင်နှင့် သခွားမွှေးတန်ချိန် အနည်းငယ်သာ တင်ပို့ရ သေး သည့်အတွက် ယခင်နှစ် တင်ပို့မှုများထက် လေးပုံ တစ်ပုံသာ ရှိသောကြောင့် သုံးပုံခန့် ကျန်ရှိနေသေး သည်ဟု ဆိုသည်။

      "တစ်နှစ်ကို ဖရဲတန်ချိန်ပေါင်း ရှစ်သိန်းကျော်နဲ့ သခွားမွှေးတန်ချိန်ပေါင်းက တစ်သိန်းခွဲကျော် နှစ်စဉ် တင်ပို့နေပါတယ်။ အရင်နှစ်တွေ တင်ပို့တာနဲ့ဆို လေးပုံ တစ်ပုံလောက်ပဲ တင်လို့ရသေးတယ်။ သုံးပုံလောက်က ကျန်သေးတယ်။ နှစ်ကူးမတိုင်ခင်လောက်က ရောင်းတဲ့ ဈေးနဲ့နှစ်ကူးပြီးမှ ရောင်းတဲ့ဈေးက ခေါက်ချိုးမကဘူး ကွာနေတယ်၊ ခေါက်ချိုးမကကျဆင်းနေတယ်။ ဝယ်နှုန်း ကလည်း နှစ်မကူးခင်က အစီးရေ ၆၀ဝ လောက် ကုန်ပေမယ့် အခုအစီးရေ ၃၀ဝ လောက် တက်သွားတာ တောင် မကုန်ဘူး။ ရောင်းလို့ မကုန်ရင်တော့ တဖြည်း ဖြည်းနဲ့ပုပ်ပြီး ဆုံးရှုံးမှာပဲ။ ကျန်တဲ့ တန်ခြောက်သိန်း လောက်ကတော့ တရုတ်က ရောဂါ အခြေနေကောင်း လို့ ပြန်ဖွင့်ပြီဆို ရောင်းကောင်းမှာပဲ။ အဲဒီလိုမဟုတ်ရင် တော့ စိုးရိမ်အမှတ်မှာရှိပါတယ်"ဟု ၎င်းက ပြောသည်။ ယခု အချိန်သည် ရာသီ‌‌ပေါ်သီးနှံများဖြစ်သည့် ဆီးသီး၊ စိမ်းစားဥနှင့် လိမ္မော်သီး အများအပြား ထွက် ရှိသည့် ကာလဖြစ်ပြီး ဇန်နဝါရီလမှ ဖေဖော်ဝါရီလ လယ်ပိုင်းအထိသည် ဖရဲ၊သခွား စားသုံးမှု အနည်းဆုံး ကာလဖြစ်သည့်အတွက် ယခုကဲ့သို့‌‌သော အချိန်မျိုး တွင် ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပေါ်လာသဖြင့် တောင်သူများ အတွက် အင်မတန်မှ စိုးရိမ်စရာကောင်းသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

      "အခုလက်ရှိ ပို့နေတဲ့ တရုတ်ပြည်ကတော့ ဈေးကျတာ ဈေးတက်တာက လွဲပြီး ဖရဲကို ကုန်အောင် ဖြုန်းနိုင်တယ်။ အခုလို ဝူဟန်ကိစ္စကြောင့် အဝယ်နည်း နေတော့ပြည်တွင်းမှာ ဖြုန်းဖို့ကမရဘူး။ အခြားနိုင်ငံ တောင်းဖို့ဆိုတာကလည်း ကျွန်တော်တို့ဆီကို ဖရဲ၊ သခွားက သိပ်မတောင်းဖူးသေးဘူး။ တရုတ်ကပဲ တောင်းတော့ တရုတ်ကိုပဲ ပို့ဖူးတယ်။ စင်ကာပူက လည်း ကွန်တိန်နာလေး သုံးလုံးလောက်ပဲ သွားရသေး တယ်၊ အင်မတန်နည်းတယ်။ ပို့ချင်တာက ကာတာ၊ ဒူဘိုင်းလိုမျိုး အနောက် နိုင်ငံ ဈေးရမယ့် နိုင်ငံတွေကို ပို့ချင်တယ်ဆိုပေမယ့် သူတို့ဘက်က ဝယ်ချင်တယ် ဆိုတာ မတက်လာတော့ ရောင်းချင်ပေမယ့် အခက်အခဲရှိတယ်။  သူတို့ဘက်က ဝယ်ချင်တယ်ဆို ပို့ဖို့က အဆင်သင့်ပဲ"ဟု ၎င်းက ပြောသည်။ အဆိုပါ ဖရဲသီးနှင့် သခွားမွှေးသီးများကို ပြည်ပ ပို့ကုန်အဖြစ် ရည်ရွယ်၍ ပြည်တွင်း၌ စိုက်ပျိုးထား သည့်အတွက် နိုဝင်ဘာလမှ မေလကုန်အထိ သီးနှံများ ထွက်ရှိကာ ဖေဖော်ဝါရီလသည် သီးနှံပိုမို ထွက်ရှိသည့် ကာလဖြစ်သောကြောင့် အရည်အသွေးကောင်းသည့် ဖရဲ၊ သခွား အများအပြား တင်ပို့ရန် အဆင်သင့်ရှိသည် ဟုဆိုသည်။ ဖရဲ၊ သခွား ပြည်တွင်းစားသုံးမှုမှာ လက်ရှိတွင် ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်း၌ ရောင်းချမည်ဆိုပါက တစ်ရက်လျှင် ကားအစီးရေ ၁၄ စီးမှ  အစီး ၂၀ ခန့်သာ ကုန်ကြောင်း သိရသည်။

 

ပန်းဆု