Main menu

Background

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် စတင်တင်ပို့

Fri, 02/14/2020 - 11:43 -- journal_editor

     ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် စတင်ပြီး တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ထိုင်းနိုင်ငံ၏မူဝါဒအရ ဖေဖော်ဝါရီ၁ ရက်မှ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းဆန်များ ပြန်လည် တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ငါးလတာခန့် ဝယ်ယူမှု ရပ်ဆိုင်းလေ့ရှိကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။

    "အရင် ထိုင်းက ကြိုဝယ်ထားတာတွေ ရှိတော့ တင်ပို့နေတာက ပုံမှန်ပဲ ရှိနေပါတယ်။ ဒီအချိန်မှာ ထိုင်းငွေဈေးကကျပြီး မြန်မာငွေဈေးက မာနေတော့ မြန်မာငွေနဲ့ပြန်ချိန်ဆလိုက်ရင်သိပ်မကိုက်တဲ့အတွက် အရောင်းအဝယ်ကတော့ နှေးတယ်" ဟု     ဦးသန့်ဇင်ထွန်း က ပြောသည်။ ယင်းသို့အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်း ဆန်များ တင်ပို့နေသော်လည်း ထိုင်းငွေဈေးကျသဖြင့် လက်ရှိတွင် အရောင်းအဝယ်အေးနေပြီး ထိုင်းနိုင်ငံမှ ပေးသည့်ဈေးနှင့် မြန်မာတောင်သူများ ကုန်ကျသည့် သယ်ယူစရိတ်၊ သွင်းအားစု စရိတ်တို့ တွက်ခြေကိုက်မှု မရှိသည့်အတွက် တင်ပို့မှုနှေး‌ကွေးခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ ထိုင်းနိုင်ငံသို့ တင်သွင်းရန် မြန်မာ့ပြောင်းဆန်များအား မြဝတီမြို့ရှိ ဂိုဒေါင်များ၌ ထိုင်းကုန်သည်များက ကြိုတင်ဝယ်ယူ သိုလှောင်ထားခဲ့ကြကြောင်း သိရသည်။

     ယခုအချိန်တွင် မြန်မာ့ပြောင်းဆန် ၁၅ ကီလို ဂရမ်လျှင် ထိုင်းဘတ် ၁၀၃ ဘတ်အထိ ပေါက်ဈေးရှိ နေသည်။ လက်ရှိ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပြောင်း ဆန် တန်ချိန် ၁၁ သန်းခန့် ထွက်ရှိရာထွက်ရှိမှု၏ ထက်ဝက်ခန့်အား ပြည်တွင်း၌သာ သုံးစွဲကြောင်း သိရ သည်။ မြန်မာ့ပြောင်းဆန်များအား ပထမဆုံးအကြိမ် အဖြစ် တစ်နှစ်ပတ်လုံး ဝယ်ယူရန်အတွက် ထိုင်းနိုင်ငံ နှင့် နားလည်မှု စာချွန်လွှာ (MoU)လက်မှတ် ရေးထိုး ရန်ရှိသော်လည်း ထိုင်းနိုင်ငံရှိ ပြောင်းစိုက်တောင်သူ များမှ မဝယ်ယူရန် ကန့် ကွက်မှုများ ရှိနေသည့်အတွက် လက်ရှိတွင် သြ့ ရေးထိုးနိုင်ခြင်း မရှိ‌သေးကြောင်း သိရသည်။

 

ပန်းဆု