Main menu

Background

ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုများ နှေးကွေးခဲ့သော်လည်း ပြည်ပရေထွက်ကုန် တင်ပို့မှု မြင့်တက်ခဲ့

Fri, 07/03/2020 - 12:36 -- journal_editor

ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုများ နှေးကွေးခဲ့သော်လည်း ပြည်ပရေထွက်ကုန်တင်ပို့မှုမြင့်တက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ရေထွက်ကုန် တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်ပွားခဲ့သော်လည်း ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့မူမှာ ရပ်ဆိုင်းသွားမှုမရှိခြင်း၊ ကောင်းမွန် သည့် ထုတ်လုပ်မှုကျင့်စဉ်ဖြင့် ဆောင်ရွက်ထားသည့် ထုတ်ကုန်များကြောင့် ဈေးကွက်ပျောက်မသွားခြင်း၊ ပြည်တွင်း၌ ပြည်ပသို့တင်ပို့ကုန်များ အလုံအလောက် ရှိနေခြင်း စသည့် အားသာချက်များကြောင့် ယခုကဲ့သို့ ပြည်ပတင်ပို့မှု မြင့်တက်လာရခြင်း ဖြစ် ကြောင်း ယင်းဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က ဇွန် ၂၂ ရက်တွင် ပြောသည်။

"ကိုဗစ်ကာလ အတွင်းမှာ ထိုင်းတို့၊ တရုတ်တို့ကိုပို့တာ ရပ်မသွားဘူး။ ဒါကလည်း အဓိကပေါ့၊ ကောင်းမွန်တဲ့ ထုတ် လုပ်တဲ့ ကျင့်စဉ်၊ လမ်းညွှန်ချက်တွေနဲ့ အညီ ထုတ်လုပ်နိုင်တဲ့ အတွက် ကျွန်တော်တို့ရဲ့ဈေးကွက်က ပျောက်မသွားဘူး။ ဒါကြောင့် ပုံမှန်တင်ပို့ရတဲ့ အနေအထားပါ"ဟု ဦးမြင့်ဇင်ထူး က ပြောသည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန်လ ဒုတိယပတ်အထိ ရေထွက်ကုန်တင်ပို့မှု တန်ချိန်အနေ ဖြင့် ငါးသိန်းခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအနေ ဖြင့် အမေရိကန်ဒေါ်လာ ၆၇၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။  ထို့ကြောင့် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ခုနှစ်သောင်းကျော်နှင့် ပို့ကုန်ဝင်ငွေမှာ အမေရိကန် ဒေါ် လာ ၉၉ သန်းကျော် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ဆက်လက် ပြောကြားသည်။

"ကမ္ဘာ့ဈေးကွက် အခြေအနေကလည်း နည်းနည်း လှုပ်ခတ်လာတယ်။ ဒါကြောင့်တင်ပို့မူက မြင့်တက်လာတာ။ ဒါပေမဲ့ လတ်တလော တရုတ်နိုင်ငံ ပေကျင်းမှာ စိစစ်ရေး တင်းကျပ်တာတွေရှိလာတော့ တရုတ်အမှာက လျော့ကျလာ တယ်"ဟု ဦးထွန်းအေးက ပြောသည်။ ယင်းအပြင် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ရေထွက်ကုန်များအား နောက်ပိုင်း ကာလများ၌ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံကိုပါ ဈေးကွက်ချဲ့ထွင် ပိုမိုတင်ပို့နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ကဏန်း အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ပန်းဆု