Main menu

Background

မြန်မာ့ကြက်သွန်နီ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေမှု အခြေအနေ

Tue, 02/02/2021 - 14:40 -- journal_editor

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများကို ပြည်တွင်းစားသုံးရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချသည့် စိုက်ပျိုးရေးထွက်ကုန်အမယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ် သည်။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ကြက်သွန်နီကို နှစ်စဉ် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ များသို့ အများဆုံးတင်ပို့ရောင်းချ ကြသည်။ ယခုနှစ်မှာ ကြက် သွန်နီ အထွက်ကောင်းကြသော်လည်း ကြက်သွန်နီ ဈေးနှုန်း မှာ ယခင်နှစ်က ကြက်သွန်နီပေါက်  ဈေးထက် ဈေးနှုန်းအနည်း ငယ် ကျဆင်းလျက်ရှိနေကြောင်း သိရသည်။ ကြက်သွန်ဈေးနှုန်းကျရခြင်းမှာ COVID-19 ကပ်ရောဂါ ပြန့်ပွားနေချိန်ဖြစ်တာကြောင့် ကြက်သွန်နီ အများဆုံး အသုံးပြုသည့် နေရာများဖြစ်သည့် အလှူမင်္ဂလာ ပွဲများ၊ ဘုရားပွဲများ ကျင်းပခြင်းကို ပိတ်ထားခြင်းကြောင့် ပြည်တွင်းစားသုံးအား လျော့နည်းနေသလို နယ်စပ်ဂိတ်များ အဝင်/အထွက် ကန့်သတ်မှုအချို့ကြောင့် ပြည်ပဝယ်လိုအားလည်း လျော့နည်းနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ကြက်သွန်နီ ကုန်သည်ပွဲစားများ ထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီ စိုက်ပျိုးထွက် ရှိသည့်ဒေသများမှာ  ပခုက္ကူ၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ ရေစကြို၊ ဆိတ်ဖြူဒေသများက အများဆုံး စိုက်ပျိုးထွက်ရှိသည်။ သို့ သော် ယခု လတ်တလောမှာတော့ မြန်မာ့ စိုက်ပျိုး ရေးထွက်ကုန် ကြက်သွန်နီကို Export အနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချလျက်ရှိသည်။ ကြက် သွန်နီကို အထူးသဖြင့် ထိုင်းနိုင်ငံဘက်ကို တင်ပို့ရောင်းချသည့် နေရာတွင် မြဝတီကုန်သွယ်ရေးဇုန်ကနေ ထိုင်းနိုင်ငံဘက်ကို တင်ပို့ရောင်းချပြီး ကြက်သွန်နီ တင်ပို့မှုများကို အောက်တိုဘာ လကုန်ပိုင်းလောက်က စတင်တင်ပို့ရောင်းချမှုများ ရှိလာကြောင်း သိရသည်။ ယခုလို ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံက ကြက်သွန်နီကို  တိုးမြှင့်ဝယ်ယူလာခြင်းမှာ အိန္ဒိယနိုင်ငံမှ ကြက်သွန်နီပေါ်ချိန် မရောက်သေးသည့်အတွက် ထိုင်းနိုင်ငံ က အိန္ဒိယကြက်သွန်နီ မဝယ်ယူနိုင်သေးသည့်အတွက်ဖြစ် ကြောင်း သိရသည်။
ယခုလတ်တလော ကြက်သွန်နီပေါက်ဈေးတွေကတော့ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သတ်မှတ်ထားသည့် လိုင်စင် (FOB) ဈေးနှုန်းများအရ ကြက်သွန် နီအရွယ်အစားအလိုက် ကွဲပြားမှုရှိရာ ကြက်သွန်နီ 20mm-30mm  အရွယ်အစား  တစ်တန်လျှင် အမေရိကန်ဒေါ်လာ၁၁၀ဒေါ်လာဖြင့်လည်းကောင်း၊ 25mm-35mm အရွယ်အစား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၈၅ ဒေါ်လာဖြင့် လည်း ကောင်း၊ 35mm-Up အရွယ်အစား တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၃၅ ဒေါ်လာဖြစ်သည့်အတွက် ယခင်တစ်ပတ်က ထက် ကြက်သွန်နီဈေးနှုန်း ပျမ်းမျှတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀ ခန့် ကျဆင်း သွားကြောင်း သိရသည်။ မြဝတီ နယ်စပ်မှာရောင်းချသည့် ဈေးနှုန်းများမှာ ကြက်သွန်နီ တစ် ပိဿာကို ပျမ်းမျှ ကျပ် ၆၀ဝမှ ၉၀ဝဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဈေးနှုန်းများသည် ကြက်သွန်နီဝယ်လိုအား အနည်း၊အများပေါ်မူ တည်ပြီး ဈေးနှုန်း အတက်အကျမြန် တတ်ကြောင်း မြဝတီနယ်စပ်ရှိ ကြက်သွန်နီအရောင်းအဝယ် လုပ်ငန်းရှင်တချို့ထံမှသိရှိရသည်။ ထိုင်းနိုင်ငံဘက်က အဝယ် များသည့် ကြက်သွန်နီအရွယ်အစားများမှာ 20mm-30mm နှင့် 25mm-35mm အရွယ်အစားများဖြစ်ပြီး ယခုလတ် တလော ထိုင်းနိုင်ငံဘက်ကို တင်ပို့ရောင်းချနေသည့်  ကြက် သွန်နီများမှာ မြန်မာနိုင်ငံ ပခုက္ကူနှင့် မုံရွာဒေသထွက် ကြက် သွန်နီများ ဖြစ်ကြသည်။
မြန်မာနိုင်ငံက ကြက်သွန်နီများ ထိုင်းနိုင်ငံဘက်ကို တင်ပို့ရောင်းချမည်ဆိုလျှင် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ထိုင်းဘာသာဖြင့် ထုတ်ပြန်ထားသော ကြက်သွန်နီ တင်သွင်း ခြင်းဆိုင်ရာ ၂၀၁၈-၂၀၂၀ Notification ပါ အချက်များကို သိရှိဆောင်ရွက်ရန်လိုသည်။  အဆိုပါ Notification သည် ၂၀၁၈ မှ၂၀၂၀ခုနှစ် ဒီဇင်ဘာလအထိ အကျုံးဝင်မည်ဖြစ်၍ ထိုင်းနိုင်ငံဘက်သို့  ချိတ်ဆက်မေးမြန်းရာ  ထိုင်းနိုင်ငံဘက်မှ ကြက်သွန်နီတင်သွင်းခွင့်  အမိန့်ကြော်ငြာစာအသစ် ထပ်မံ မထွက်သေး၍ ယခုလက်ရှိ အမိန့်ကြော်ငြာစာအတိုင်း ဆက် လက်တင်ပို့နိုင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန် ကြေညာထားသည့် အဆိုပါ ကြေညာစာအရ အကောက်ခွန်သက်သာခွင့် Form D နှင့် တင်ပို့ရောင်းချခွင့်ကို နှစ်စဉ် သြဂုတ်လမှ အောက်တိုဘာလ အတွင်း တင်ပို့ရောင်းချရမည်ဖြစ်သည်။ ကျန်လများမှာ ထိုင်း နိုင်ငံဘက်ကို ကြက်သွန်နီတင်ပို့ရောင်းချမည် ဆိုလျှင် သတ် မှတ်အခွန်နှုန်းထားများနှင့် တင်သွင်းရောင်းချရမည်ဖြစ် သည်။ ထို့ပြင် ထိုင်းနိုင်ငံဘက်ကို မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ကြက်သွန်နီကို တင်ပို့ရောင်းချသည့်အခါ ယခုလတ်တလောတွင် Good Agricultural Practice (GAP) တောင်းခံခြင်း မရှိ သေးသော်လည်း Country of Origin(CO) Form နှင့်အတူ Phytosanitary Certificate များနှင့်အတူတင်ပို့ရောင်းချရ မည်ဖြစ်သည်။ မိမိတို့ မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ သို့ တင်ပို့သည့် မိမိပို့ကုန်ပစ္စည်းများ အကောက်ခွန်သက်သာ ခွင့်ရရှိစေရန်နှင့် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များ အကောက်ခွန် သက်သာခွင့်ရရှိနိုင်စေရန်အတွက် မြန်မာ့ပို့ကုန်ကြက်သွန်နီ အတွက်လည်း Form-D များ စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

 

တင်စိုးစိုးလှိုင်(မြဝတီ)