Main menu

Background

ပြည်ပပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိထား

Mon, 09/11/2023 - 11:56 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ငါးလတာကာလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါတင်ပို့မှုသည် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေများဖြစ်ပြီး စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၈ ဘီလီယံဖြင့် အများဆုံးတင်ပို့ထားပြီး လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၄ ဘီလီယံဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးက ကုန်သွယ်မှုက ပုံမှန်အတိုင်းတော့ သွားနေတယ်။ ပင်လယ်ရေကြောင်းကလည်း သူ့နည်းသူ့ ဟန်နဲ့တော့ သွားနေတာပါပဲဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။
ယင်းအပြင် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၄၄ ဒသမ ၄၈ သန်း၊ အခြားကဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၆၃၄ ဒသမ ၄၆၂ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၃ ဒသမ ၉၅၈ သန်း၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၉ ဒသမ ၉၀၅ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၅၆၃ သန်းဖြင့် အနည်းဆုံး ပို့ကုန် ဝင်ငွေရရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလတူက ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇ ဒသမ ၂၈ ဘီလီယံရရှိ ထားကြောင်း သိရသည်။ ပြည်ပနိုင်ငံများမှ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် ဃဏြ (အထည်အလိပ်) တို့ကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။                          

 

 ပန်းဆု