Main menu

Background

လာမည့် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့ရန် ရှိနေ

Wed, 12/20/2023 - 10:18 -- journal_editor

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့ရန် ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ သိရသည်။ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာများ တင်ပို့ ရာတွင် တရုတ်နိုင်ငံက  အဓိကဝယ်လက်ဖြစ်ပြီး နှစ်စဉ် ၇၅ ရာခိုင်နှုန်းခန့် တရုတ်ဈေးကွက်သို့ တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။ ထို့ပြင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန် အစရှိသည့် နိုင်ငံ များသို့လည်း တင်ပို့လျက်ရှိပြီး နိုင်ငံအလိုက် တန်ချိန် အနည်းငယ်စီ ဝယ်ယူကြကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ  ပြည်ပသို့  ရော်ဘာတန်ချိန် ကိုးသောင်းကျော် တင်ပို့နိုင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေ ရရှိမှုအနေဖြင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ သန်း ၂၅၀ မှ သန်း ၄၅၀ ကြား ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်း များအရ သိရသည်။ ပြည်တွင်း၌     ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဒေသများမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊  ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး (အထက်ပိုင်း)၊  ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက ပေါင်း ၁ ဒသမ ၆၄ သန်းကျော်ရှိပြီး ထုတ်လုပ်မှု ဧက ကိုးသိန်းခွဲခန့်ရှိကာ တစ်နှစ်ပျမ်းမျှအထွက်နှုန်း တန် ချိန် လေးသိန်းဝန်းကျင်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။  

 

ပန်းဆု