Main menu

Background

ယခုနှစ်အတွင်း နိုင်ငံ ငါးနိုင်ငံသို့ မြန်မာ့ပြောင်း တန်ချိန် တစ်သန်းခွဲခန့် တင်ပို့ထား

Wed, 12/20/2023 - 11:53 -- journal_editor

မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းကို  ယခု ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ ငါးနိုင်ငံသို့ တန်ချိန် တစ်သန်းခွဲခန့် တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ  ပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာ့ဒေသထွက် ပြောင်းကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ် ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။
“အခုနှစ်  တစ်နှစ်လုံးဆိုရင် အဓိကကတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ ထိုင်းနိုင်ငံ ရှိမယ်၊ တရုတ်နိုင်ငံရှိမယ်။ တစ်သန်းကျော်လောက်သွားထားတယ်။ ကျန်တာ ပုံမှန် ကုန်သွယ်ရေးပေါ့။ ဗီယက်နမ်တို့၊ အိန္ဒိယတို့၊ ဖိလစ်ပိုင်တို့ကို သင်္ဘောတွေနဲ့ တင်ပို့တာ လည်းရှိတယ်။ အဲဒါက တန်ချိန် ငါးသိန်းလောက်ပေါ့။ အဲတော့ အခုပြီးခဲ့တဲ့ တစ်နှစ်လုံး ကို တန်ချိန် တစ်သန်းခွဲလောက် တင်ပို့ထားတယ်။ အဓိက တင်ပို့တာက ထိုင်းနိုင်ငံဖြစ်ပါ တယ်” ဟု ၎င်းက ပြောသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများက မြန်မာ့ပြောင်း ဝယ်ယူမှုတွင် ထိုင်း နိုင်ငံတစ်ခုတည်းက တန်ချိန် တစ်သန်းကျော်အထိ  ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှလည်းကောင်း၊  ပင်လယ်ရေကြောင်း ကုန်သွယ် ရေးမှလည်းကောင်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့် ၂၀၂၄ ခုနှစ်တွင်လည်း ပြောင်းတင်ပို့မှုကို ထိုင်းနိုင်ငံတစ်ခု တည်းသို့ပင် တန်ချိန် တစ်သန်းကျော်ခန့် တင်ပို့နိုင်ရန်  မျှော်မှန်းထားကြောင်း သိရ သည်။ ပြောင်း စိုက်ပျိုးမှု ၅၅ ရာခိုင်နှုန်းခန့်ရှိသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်း တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြောင်း သိရ သည်။
အဆိုပါ စိုက်ပျိုးမှုမှ ထွက်ရှိသမျှ ပြောင်း ၄၀ ရာခိုင်နှုန်းကို မွေးမြူရေးလုပ်ငန်း များအတွက် တိရစ္ဆာန်အစာထုတ်လုပ်ခြင်း၊ မုန့်ဖုတ်ခြင်း၊ စားသောက်ကုန်နှင့် အရက် ချက်လုပ်ငန်းများကဲ့သို့သော ပြည်တွင်းစားသုံးမှုအဖြစ် အသုံးပြုပြီး ကျန် ၆၀ ရာခိုင်နှုန်း ခန့်ကို ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်နှင့်ဗီယက်နမ်အပါအဝင် ပြည်ပနိုင်ငံများသို့တင်ပို့လျက် ရှိကြောင်း သိရသည်။  လက်ရှိ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက စုစုပေါင်း ၁ ဒသမ၂ သန်းခန့်အထိရှိပြီး  တန်ချိန် ၂ ဒသမ ၆ သန်းကျော်ထွက်ရှိကာ မြန်မာ့ထွက်ကုန် ပြည်ပ တင်ပို့မှုများအနက် ဆန်ပြီးလျှင် ဒုတိယအများဆုံး ဝင်ငွေရရှိသည့် ကုန်စည်လည်းဖြစ် သည်။

 

ပန်းဆု