တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် ကမ်းရိုးတန်းဒေသဖြစ်ပြီး ပင်လယ်ဝန်းရံလျက်ရှိ သော ဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များ ဖြင့် ကုန်သွယ်ရောင်းဝယ်လျက်ရှိသည်။ ပင်လယ် ကမ်းရိုးတန်းဖြစ်သည့်အတွက် ငါး၊ ပုစွန်၊ ကဏန်း များကို နေ့စဉ် ဖမ်းဆီးရမိလျက်ရှိသည်။
ထိုကဲ့သို့ ဖမ်းဆီးရမိသော ငါးများကို အအေးခန်း ကုမ္ပဏီများနှင့် ငါးလေလံဈေးတွင် ရောင်းချလျက်ရှိကြသည်။ ရေထွက်ကုန်များ ရောင်းချရာ ငါးလေလံဈေးမှာ အနယ်နယ် အရပ် ရပ်မှ လာရောက်ရောင်းချကြသော ငါးမျိုးစုံများဖြင့် စည်ကား လျက်ရှိသည်။ ငါးဗန်းများ ၊ ခြင်းများဖြင့် လာရောက်ရောင်းချကြပြီး ကီလို၊ ပိဿာနှင့် ခြင်း အလိုက်သာ ရောင်းဝယ်ကြသည်။
ငါးမဖမ်းရ ရာသီများနှင့် ငါးဖမ်းရာသီစတင် ချိန်တွင် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းမကပ်သေး သဖြင့် အများစုမှာ ကမ်းနီးငါး ဖမ်းလှေ(ပိုက်လှေ)များမှ လာရောက် ရောင်းချကြသည်။ ဖမ်းဆီးရမိ သော ငါးများကို လှေပေါ်တွင် အမျိုးအစားခွဲကာ အိုးဝေ(ခေါ်) တုတ်တုတ်၊ မော်တော်ကားများဖြင့် လာရောက် ရောင်းချကြသည်။
ငါးလေလံဈေး ရောင်းချရာ အဆောက် အအုံအတွင်း ဟင်းလင်းပြင်ကဲ့သို့ နေရာတွင် နံနက် ၉ နာရီ အချိန်မှစပြီး ငါးရောင်းချမည့်သူများ စုစည်းလာပြီး ငါးရောင်းချရန် မိမိရောင်းချမည့် နေရာတွင် ခင်းကျင်းကာ ငါးဝယ်ယူမည့်သူများ ကလည်း လာရောက် စောင့်စားလျက်ရှိသည်။
ယခင်ကငါးလေလံဈေးကို မွန်းလွဲ ၁နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်ထားခဲ့ကြသော်လည်း လက်ရှိတွင် ငါးလေးလံဈေးကို နံနက် ၁၀နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ရောင်းချလျက်ရှိကြသည်။
ဈေးစကတည်းက ဝယ်သူများမှ ဝယ်ယူမည့် ငါး အမျိုးအစားများကို ကြည့်ထားကြပြီး စတင် ရောင်းချသည်နှင့် ဗန်းအလိုက်၊ ခြင်းအလိုက် ဈေး ပေးပြီး ဝယ်ယူလေ့ရှိသည်။ ငါးလေလံဈေးတွင် ရောင်းချသော ငါးဈေးနှုန်းသည် တိုက်ရိုက်လာ ရောက်ရောင်းချသဖြင့် များစွာဈေးသက်သာလျက် ရှိသည်။ ခြင်းအလိုက် ဈေးဖြတ်ရောင်းချရာတွင် ရောင်းချသူများဈေးနှုန်း သတ်မှတ်ရောင်းချကြပြီး ဝယ်သူများက ပြန်လည်ရောင်းချရမည်ဖြစ်သဖြင့် ဈေးမကိုက်လျှင် မဝယ်ကြဘဲ ဈေးလျှော့ပေးကြ သည်အထိစောင့်ကာ ဝယ်ယူလျက်ရှိသည်။ ငါး ပေါများသောအချိန်တွင် ငါးဈေးကျပြီး ငါးရှားပါး ပါက ဈေးကောင်းရရှိကြောင်း သိရသည်။
ငါးလေလံဈေးတွင် ကင်းမွန်၊ ပုစွန်၊ ကဏန်း၊ ကဘောင်း(ကကတစ်)၊ ဇယော၊ ကလာကုတ်၊ ငါးကွန်းရှပ်(ဘီးဇင်း)၊ ငါးလိပ်ကျောက်၊ ငါးတန် စသည့် ငါးများ ရောင်းချပြီး ငါးဦးစီးဌာနမှ ထိန်း သိမ်းကြပ်မတ်လျက်ရှိကြောင်း သိရသည်။ ဒေသ ပေါက်ဈေးနှင့် ဈေးကွက်ဝင်ဈေးအရ ငါးတစ် ပိ ဿာလျှင် ကျပ် ၃၀ဝ၀ ခန့် ကွာခြားလျက်ရှိသည်။
ဇယောငါး အပြင်ဈေး တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၀ ခန့်ရှိပါက ငါးလေလံဈေးတွင် ကျပ် ၂၅၀ဝ၀ ခန့်သာရှိကြောင်း သိရသည်။ ငါး လေလံ ဈေးတွင် ရောင်းချသော ငါးများသည် လတ်ဆတ် လျက်ရှိပြီး ၎င်းငါးများကို ဈေးများတွင် ပြန်လည် ရောင်းချရန် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ကျော်နိုင်(မြိတ်)