ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလရှစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်မက်ထရစ်တန် ၈၀ဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အများစုကို ပုံမှန်ကုန်သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းမှ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။
ပျားရည်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ၈၃၆ ဒသမ ၉၅ တန်၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ၁ ဒသမ ၂၉ တန် တင်ပို့ခဲ့ပြီး ရှစ်လတာကာလအတွင်း ပျားရည်စုစုပေါင်း မက်ထရစ်တန် ၈၃၈ ဒသမ ၂၄ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၁ဒသမ ၂၅၇ သန်း ရရှိခဲ့ ကြောင်း သိရသည်။
ပြည်တွင်းမှ ထွက်ရှိသည့် ပျားရည်ကို ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ထားနိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
ပျားရည်ကို ပြည်တွင်းတွင် စားသုံးခြင်းနှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့်အပြင် နှစ်စဉ် ပြည်ပနိုင်ငံများ သို့လည်း တင်ပို့လျက်ရှိသည်။
ပြည်တွင်းတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပျားရည်အများဆုံးထွက် ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အနည်းငယ် ထွက်ရှိသည်။
ထို့ပြင် ပြည်တွင်းတွင် ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာ ပျားရည်၊ ပန်းပေါင်းစုံပျားရည်၊ ရော်ဘာပျားရည်နှင့် နှမ်းပျားရည်တို့ ထွက်ရှိပြီး အဆိုပါပျားရည်များကို သက်ဆိုင်ရာသီးနှံများ စိုက်ပျိုးသည့် ရာသီအလိုက် စုဆောင်းရရှိခြင်းဖြစ်ကြောင်း သိရသည်။
ကိုတိုး
