အလုပ်အကိုင်အခွင့်အလမ်း ၃၃၀ဝ ကျော်ကို ဖန်တီး ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၀ ခုအား ခွင့်ပြုပေး ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆)အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ရုံးအမှတ်(၅)အစည်းအဝေးခန်းမ တွင် ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။
အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် လေးခုကို လည်းကောင်း၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ခြင်း၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၆ ခု တို့ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၉၁၁ သန်း နှင့် ငွေကျပ် ၂၁၂၀၄၃၆ ဒသမ ၆၅၂ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၈၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ် တပ် ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းများ၊ အိမ်ရာအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ မွေး မြူရေးလုပ်ငန်းများ၊ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ အပြင် စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်း များ ပါဝင်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများ ဆုံးရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့် လည်း ကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံ ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း၊ ပြည်ပမှ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုတိုး
