Main menu

Background

ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး မြန်မာ့ဒူးရင်းသီးပွဲတော်ကျင်းပရန် ပြင်ဆင်

Fri, 05/15/2026 - 15:25 -- journal_editor

ဒူးရင်းဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် မြန်မာ့ဒူးရင်းသီးပွဲတော်ကို ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ယင်းပွဲတော်ကို မြန်မာ့ဒေသထွက် ဒူးရင်းသီးများကို ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရန်"မြန်မာ့ဒူးရင်း" အမည်ဖြင့် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင်ရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းပြီးနောက် ထိန်းသိမ်းခြင်းနည်းပညာများကို ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့ပြင် ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ ဖန်တီးရေးနှင့် စီးပွားရေးကွန်ရက်ချိတ်ဆက်ရေးတို့ကိုလည်း အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည် အသွေးမြင့် ဒူးရင်းမျိုးများကို ရွေးချယ်ဖော်ထုတ်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း အသင်းက ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ ဒူးရင်းစိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါပွဲတော်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် အသေးစိတ်အချက်အလက်များအတွက် သက်ဆိုင်ရာအသင်းနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

ကိုတိုး