ဈေးနှုန်းအခြေပြုစနစ်မှ ယုံကြည်စိတ်ချရမှုအခြေပြု ကမ္ဘာ့ကုန်သွယ်ရေးသို့ ကူးပြောင်းခြင်း
ကမ္ဘာ့ဈေးကွက် အခြေအနေသည် ဈေးနှုန်းချိုသာမှုကိုသာ အခြေခံသည့်ခေတ်မှ ယုံကြည်စိတ်ချရမှုနှင့် ခံနိုင်ရည်ရှိမှုကို အခြေခံသည့်ခေတ်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ ကုန်စည်တစ်ခု၏ ဈေးနှုန်းသက်သာမှုထက် ၎င်း၏ ဘေးကင်းလုံခြုံမှု၊ အရည်အသွေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို နိုင်ငံတကာဈေးကွက်များက ဦးစားပေး စိစစ်လာကြသည်။
လုပ်အားခသက်သာမှု တစ်ခုတည်းဖြင့် ဈေးကွက်ဝင်ဆံ့နိုင်ရန် မလုံလောက်တော့ဘဲ ကုန်သွယ်ရေးကို အမျိုးသားလုံခြုံရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အဓိကလက်နက်တစ်ခုအဖြစ် အသုံးချလာသည့် ကမ္ဘာ့အခြေအနေနှင့် ရင်ပေါင်တန်းနိုင်ရန် လိုအပ်လာပြီဖြစ်သည်။
ကုန်ကျစရိတ်ဗဟိုပြုမှဘေးကင်းရေးနှင့် ယုံကြည်ရမှုဗဟိုပြုသို့ ကူးပြောင်းခြင်း
ယခင်က ကုန်ပစ္စည်းအရောင်းအဝယ်တွင် ဈေးနှုန်းချိုသာမှုကိုသာ အဓိကထားခဲ့ကြသည်။ သို့သော် လက်ရှိတွင်မူ ထောက်ပံ့ရေ းကွင်းဆက်ပြတ်တောက်မှု၊ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများနှင့် ကပ်ရောဂါဘေးများကြောင့် ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ယုံကြည်ရမှုတို့သည် ပိုမိုအရေးပါသည့်အချက်များဖြစ်လာသည်။
အရည်အသွေးကို ဦးစားပေးလာခြင်း
စားသုံးသူများ၏ အသိပညာမြင့်မားလာခြင်းနှင့်အတူ ကုန်ပစ္စည်း၏ အရည်အသွေးနှင့် ကျင့်ဝတ်သိက္ခာရှိမှုများကို ပိုမိုအလေးထားလာသည်။ ယင်းတို့မှာ ဈေးနှုန်းတစ်ခုတည်းထက် ကုန်ပစ္စည်း၏တန်ဖိုးကို ကြည့်ရှုသည့်အလေ့အထ ပြောင်းလဲလာခြင်းပင်ဖြစ်သည်။
ပတ်ဝန်းကျင်ဂေဟစနစ်ဆိုင်ရာ တာဝန်ယူမှုများရှိလာခြင်း
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့်အတူ ကုန်စည်များထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး (ဥပမာ-ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး၊ ရေရှည်ခံထုတ်လုပ်မှု) တို့သည် ကုန်သွယ်မှုဆိုင်ရာ အဓိကကျသည့် စံသတ်မှတ်ချက်များ ဖြစ်လာသည်။
နိုင်ငံတကာစံနှုန်းများ မြင့်တက်လာခြင်း
နိုင်ငံတကာ ကုန်သွယ်ရေးတွင် စံချိန်စံညွှန်းများ (ဥပမာ -ISOစံနှုန်းများ၊ အဆင့်မြင့် အရည်အသွေးအာမခံချက်များ)သည် ယခင်ကထက် ပိုမိုတင်းကျပ်ပြီး အဆင့်မြင့်မားလာသည်။ စံချိန်မီသော ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်မှသာလျှင် နိုင်ငံတကာဈေးကွက်၌ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်မည် ဖြစ်သည်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုအတွက် 3P အစား 4P သို့ တိုးချဲ့လာခြင်း
စီးပွားရေးအမြတ်အစွန်း(Profit) နှင့်ပတ်သက်ပြီး အနည်းဆုံး ကုန်ကျစရိတ်နှင့် အများဆုံးအမြတ်ရရှိရေး၊ လူသားထု (People) နှင့်ပတ်သက်ပြီး လုပ်ငန်းခွင် ဘေးကင်းရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေး၊ ကမ္ဘာမြေ (Planet) နှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်မပျက်စီးစေရေးဆိုသည့် 3P ကို ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုကဏ္ဍများတွင် ယခင်ကအခြေခံအဖြစ် အဓိကထားခဲ့ကြသည်။ သို့သော် လက်ရှိတွင်မူ ယုံကြည်စိတ်ချရမှုနှင့် မူဝါဒပိုင်းဆိုင်ရာ ခိုင်မာမှုတို့ကို ကိုယ်စားပြုသည့် စတုတ္ထမြောက်ဖြစ်သည့် Purpose (သို့မဟုတ်) အချို့ကဏ္ဍများတွင် Partnership အနေဖြင့် ထပ်မံပါဝင် လာပြီး 4P အထိ တိုးချဲ့လာခဲ့သည်။
နိုင်ငံတကာကုန်သွယ်မှုတွင် ချဉ်းကပ်မှု မဟာဗျူဟာ အပြောင်းအလဲများ
နိုင်ငံတကာကုန်သွယ်မှုတွင် ချဉ်းကပ်မှုမဟာဗျူဟာ အပြောင်းအလဲများကို လေ့လာကြည့်မယ်ဆိုလျှင် အန္တရာယ်လျှော့ချ (De-risking) နိုင်ရန် ကုန်သွယ်မှုတွင် နိုင်ငံတစ်ခုတည်းအပေါ် အလွန်အကျွံ မှီခိုနေရခြင်း မဖြစ်စေရေးအတွက် ထောက်ပံ့ရေးကွင်းဆက်များကို ဖြန့်ခွဲခြင်းများ ပြုလုပ်လာကြသည်။
မိတ်ဖက်နိုင်ငံများနှင့်သာ ကုန်သွယ်မှု (Friend- shoring)ကို အလေးထားလာပြီး မဟာဗျူဟာမြောက် ကုန်ပစ္စည်းများနှင့် နည်းပညာများကို မဟာမိတ်ဖြစ်သည့် နိုင်ငံများကသာ ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်းတို့ ပြုလုပ်လာသည်။ ကုန်ကျစရိတ် အနည်းဆုံးထက် နိုင်ငံရေးအရ တည်ငြိမ်ပြီးယုံကြည်ရသည့် နိုင်ငံများနှင့် ကုန်သွယ်ခြင်းကို ဦးစားပေးလာခြင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် အချိန်ကိုလျှော့ချရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းများကို မိမိနိုင်ငံနှင့် နီးကပ်သောဒေသများသို့ ပြောင်းရွှေ့ခြင်း (Near-shoring) ပြုလုပ်လာသည်။
အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ
ကမ္ဘာ့ကုန်သွယ်ရေးခေတ်သစ်တွင် အခွင့်အလမ်းများအနေဖြင့် ဈေးကွက်သည် အရည်အသွေးနှင့် ဘေးကင်းမှုကို ဦးစားပေးလာသည့်အတွက်ကြောင့် သဘာဝအရင်းအမြစ်များကိုအခြေခံသည့် အရည်အသွေးမြင့် ကုန်ချောများအတွက် ဈေးကွက်အခွင့်အလမ်းများ ဖြစ်ထွန်းလာသည်။ ဂေဟစနစ်နှင့် လိုက်လျောညီထွေသည့် ထုတ်ကုန်များ ဝယ်လိုအားမြင့်တက်လာခြင်းသည် အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးစသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများကို ဖန်တီးပေးသည်။
ကမ္ဘာ့ကုန်သွယ်ရေး ခေတ်သစ်တွင် စိန်ခေါ်မှုများအနေဖြင့် မြင့်တက်လာသည့် နိုင်ငံတကာစံနှုန်းများကိုလိုက်မီရန်မှာ နည်းပညာ၊ အရင်းအနှီးနှင့် ကျွမ်းကျင်လုပ်သားအင်အား လိုအပ်ချက်က အဓိကစိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်သည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ခိုင်မာမှုသည် နိုင်ငံတကာ ဝယ်ယူသူများ၏ ယုံကြည်မှုကိုရရှိရန် အရေးကြီးဆုံးအချက် ဖြစ်လာသည်။ ထုတ်လုပ်မှုလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေရန် စိမ်းလန်းသည့် နည်းပညာများ အသုံးပြုခြင်းသည် ကုန်ကျစရိတ် မြင့်တက်စေနိုင်သည်။
ခေတ်သစ်ကမ္ဘာ့ကုန်သွယ်ရေးတွင် အောင်မြင်စေရန် အရေးပါသောအချက်များ
ပြောင်းလဲလာသည့် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းတွင် ဈေးကွက် ဝင်ဆံ့နိုင်ရေးအတွက် အရည်အသွေး၊ ရေရှည်တည်တံ့မှုနှင့် နည်းပညာတို့မှာ အရေးပါသည့် နယ်ပယ်များဖြစ်လာသည်။ ဥပမာအနေဖြင့် ကြည့်မည်ဆိုလျှင် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံကို အဆင့်မြှင့်ရန်အတွက် နိုင်ငံတကာကလက်ခံသည့် စံနှုန်းများသို့ တက်လှမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်စံချိန်စံညွှန်းအဖွဲ့အစည်းများကို အားကောင်းစေပြီး ထုတ်လုပ်သူများအား နည်းပညာအကူအညီနှင့် လေ့ကျင့်သင်ကြားမှုများ ပေးရမည်ဖြစ်သည်။
ဓာတ်ခွဲခန်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲကာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များရရှိရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်သည်။ စိမ်းလန်းသော ကုန်သွယ်မှုနှင့် MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ကုန်သွယ်ရေး၏ အဓိကစံနှုန်းဖြစ်လာသည့်အတွက် Eco-labeling စနစ်ကိုအားပေးရပါမည်။ ပြည်တွင်းကုန်ထုတ်လုပ်မှု ကွင်းဆက်ခိုင်မာစေရန် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အား ပံ့ပိုးမှုများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။
ထို့ပြင် နည်းပညာသုံး ကုန်သွယ်ရေး သတင်းအချက်အလက်စနစ် တည်ဆောက်ရန်အတွက် ကုန်စည်၏ အရင်းအမြစ်ကို ယုံ ကြည်စိတ်ချနိုင်စေရန်Blockchain နှင့် AI ကဲ့သို့သော နည်းပညာများကို အသုံးပြုပြီး ကုန်စည်စီးဆင်းမှု တစ်လျှောက်(Farm to Table) နောက်ယောင်ခံလိုက်နိုင်သည့်စနစ် (Traceability) ကို ဖော်ဆောင်ရပါမည်။
မဟာဗျူဟာမြောက် ဈေးကွက်သစ်များ ချိတ်ဆက်နိုင်ရေးအတွက် ဈေးကွက်တစ်ခုတည်းအပေါ် မှီခိုမှုကိုလျှော့ချပြီး တူညီသောစံနှုန်းရှိသည့် နိုင်ငံများနှင့် ကုန်သွယ်မှုကို တိုးချဲ့ရပါမည်။ ထုတ်ကုန်များသည် ဘေးကင်းမှုနှင့် ကျင့်ဝတ် (Safety & Ethics) ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီကြောင်း ပြည်ပ ဝယ်ယူသူများ ယုံကြည်လာ အောင် Branding ကို မြှင့်တင်ကာ ရေရှည်လက်တွဲမည့် မိတ်ဖက်ဈေးကွက်များကို ရှာဖွေရပါမည်။
တာဝန်ယူမှုရှိသော ကုန်သွယ်မှုနှင့် အနာဂတ်ကမ္ဘာ့ဈေးကွက်၏ လားရာ
ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်သည် ယခင်ကထက် ပိုမိုရှုပ် ထွေးပြီး အရည်အသွေး၊ ဘေးကင်းမှုနှင့် ရေရှည်တည်တံ့မှုကို အခြေခံသည့် ဈေးကွက်အဖြစ် ပြောင်းလဲနေသည်။ အနာဂတ်တွင် ကမ္ဘာ့ကုန်သွယ်ရေးသည် ပွင့်လင်းမြင်သာမှုနှင့် ရေရှည်တည်တံ့မှုကို ပိုမိုအခြေခံမည်ဖြစ်သည်။ ကုန်သွယ်မှုများမှာ သမားရိုးကျ ကုန်သွယ်မှုထက် တာဝန်ယူမှုရှိသော ကုန်သွယ်မှု (Responsible Trade) ဘက် သို့ ဦးတည်သွားမည်ဖြစ်သည်။
ကုန်သွယ်ရေး၏ အောင်မြင်မှုကို ပမာဏတစ်ခုတည်းနှင့် မတိုင်းတာဘဲ ထောက်ပံ့ရေး ကွင်းဆက်များအတွင်းရှိ ကြံ့ကြံ့ခံနိုင် စွမ်း၊ တီထွင်ဆန်းသစ်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ လိုက်နာမှုတို့နှင့် တိုင်း တာသွားမည်ဖြစ်သည်။ ဟန်ချက်ညီ သည့် ကုန်သွယ်မှုဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ချက်များသည် စီးပွားရေးတိုးတက်မှုကိုသာမက ထုတ်လုပ်တင်ပို့သည့် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ယုံကြည်ကိုးစားမှုကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ညီညီအောင်(WTO)
