ဟော်မုဇ်ရေလက်ကြား ပိတ်ထားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်အနှောင့်အယှက်များ ဖြစ်ပေါ်နေသည့် အခြေအနေတွင် အင်ဒိုနီးရှားနိုင်ငံသည် ယူရီးယားမြေသြဇာတင်ပို့ရေးအစီအစဉ်အတွက် နိုင်ငံလေးနိုင်ငံနှင့် ဆွေးနွေးနေကြောင်း သိရသည်။
စိုက်ပျိုးရေး ဒုတိယဝန်ကြီး Sudaryono က လက်ရှိအချိန်အထိ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဘရာဇီးနှင့် သြစတြေးလျနိုင်ငံများကို ဆက်သွယ်ထားကြောင်း အင်ဒိုနီးရှားရှိ သြစတြေးလျ သံအမတ် Roderick Brazier နှင့် တွေ့ဆုံပြီးနောက် ဧပြီ ၁၅ ရက်က ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ မြေသြဇာဖြန့်ဖြူးမှု၏ သုံးပုံတစ်ပုံခန့်သည် ဟော်မုဇ်ရေလက်ကြားမှဖြတ်သန်းသွားကြောင်း သိရသည်။ ထိုဒေသတွင် အနှောင့်အယှက်များဖြစ်ပေါ်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုအပေါ် သိသိသာသာသက်ရောက်မှုရှိလာပြီး ဈေးနှုန်းများလည်း အလျင်အမြန် မြင့်တက်လာကြောင်း သိရသည်။
ယခင်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ဝ မှ ၇၀ဝ ဝန်းကျင်ရှိခဲ့သည့် ယူရီးယားဈေးနှုန်းများသည် လက်ရှိတွင် တစ်တန်လျှင် ဒေါ်လာ ၉၀ဝ နီးပါးအထိ မြင့်တက်လာကြောင်း သိရသည်။
Sudaryono ၏ အဆိုအရ ထောက်ပံ့မှု ကန့်သတ်လာခြင်းနှင့် ရေလမ်းကြောင်းအနှောင့်အယှက်ကြောင့် သက်ရောက်မှုခံရသော နိုင်ငံများတွင် ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပြီး အင်ဒိုနီးရှားသည် ယူရီးယားထုတ်လုပ်မှုအတွက် အဓိကကုန် ကြမ်းဖြစ်သည့် သဘာဝဓာတ်ငွေ့ကို ပြည်တွင်းမှ ကိုယ်တိုင်ထုတ်လုပ်နိုင်သောကြောင့် မဟာဗျူဟာအရ အရေးပါသည့် နေရာတွင်ရှိနေကြောင်း သိရသည်။
နိုင်ငံအဆင့် ယူရီးယားမြေသြဇာထုတ်လုပ်နိုင်မှုသည် နှစ်စဉ် တန်ချိန် ၁၄ ဒသမ ၅ သန်းရှိနေပြီး လိုအပ်ချက်သည် ထိုပမာဏထက် နည်းနေကြောင်း သိရသည်။ အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်တွင် ယူရီးယား တန်ချိန် ၁ ဒသမ ၅ သန်း ခန့် ပိုလျှံရန် ခန့်မှန်းထားပြီး ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပြီးပါက တင်ပို့ရန် ခွဲဝေသတ်မှတ်နိုင်ကြောင်း သိရသည်။
သို့သော် ဒုတိယ ဝန်ကြီးက ပြည်တွင်းစိုက်ပျိုးရေးသမား များ၏ လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပြီးမှသာ တင်ပို့ရေးမူဝါဒကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အမျိုးသား အစားအစာဖူလုံရေးကို အဓိက ဦးစားပေးထားပြီး ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများနှင့် El Nino ကြောင့် ဖြစ်ပေါ်နိုင်သည့် မိုးခေါင်ရေရှားမှု အကျိုးသက်ရောက်မှုများကို ကြိုတင်ပြင် ဆင်နေကြောင်း သိရသည်။
Antara News ၊ မြသူ၊ DOCA(ရန်ကုန်)
