မြန်မာနိုင်ငံသည် စိုက်ပျိုးထုတ်လုပ်မှုကို အဓိကထားသောနိုင်ငံဖြစ်ပြီး မိမိတို့နိုင်ငံ၏စက်မှုလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေးတို့အတွက် ရော်ဘာထုတ်လုပ်မှုသည် မရှိမဖြစ်လိုအပ်သော အခြေခံကုန်ကြမ်းပစ္စည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကရော်ဘာထွက်ရှိရာဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ နှစ်စဉ်ရော်ဘာအမြောက်အမြားထွက်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ နိုင်ငံခြားဝင်ငွေများရရှိသည့် အဓိကကုန်ပစ္စည်းတစ်ခုအဖြစ် ညွှန်ပြလျက်ရှိသည်။
ကမ္ဘာ့ရော်ဘာ၊ မြန်မာ့ရော်ဘာ စိုက်ပျိုးမှုအခြေအနေ
ရော်ဘာပင် (Heavea Brasiliensis) များသည် မိုးကောင်း၍ ပူအိုက်စွတ်စိုသော မုတ်သုံရာသီဥတုကို ကြိုက်နှစ်သက်သောအပင်အမျိုးအစားဖြစ်၍ လက်ရှိမြန်မာနိုင်ငံနှင့် စိုက်ပျိုးရန် အထူးသင့်လျော်သောအပင်အမျိုးအစားတစ်ခုလည်းဖြစ်သည်။ ကမ္ဘာ့ရော်ဘာထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းကျော်ခန့်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့၌တည်ရှိနေခြင်းဖြစ်သည်။ လက်ရှိမျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ အနေ အထားများအရ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမှာ ပိုမိုအားကောင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)နှင့် ရှမ်းပြည်နယ်တို့အထိပါ ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရသည်။
ရော်ဘာအမျိုးအစား၊ သဘာဝရော်ဘာပြုလုပ်ပုံ၊RSSအမျိုးအစားများ
ရော်ဘာများကို သဘာဝရော်ဘာ (Natural Rubber)၊ ရော်ဘာပင်(Hevea brasiliensis) ၏အခေါက်ကို ခြစ်ရာပေးရာမှ ထွက်ရှိလာသော ရော်ဘာနို့စိမ်း (Latex)နှင့် ဓာတုရော်ဘာ (Synthetic Rubber) ရေနံနှင့် ဓာတုဗေဒပိုလီမာများ(Polymers)မှ စက်ရုံများတွင် သဘာဝရော်ဘာ၏ဂုဏ်သတ္တိများကိုတုပ၍ ထုတ်လုပ်ထားသည့်ရော်ဘာဟူ၍ နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝရော်ဘာများကိုRSS (Ribbed Smoked Sheet) ရော်ဘာနို့စိမ်းကို အက်စစ်ဖြင့်ခဲစေပြီး မှိုင်းတိုက်ထားသည့် ရော်ဘာပြားများ၊TSR/ Block Rubber (Tech- nically Specified Rubber): စက်ရုံများတွင် နည်းပညာစံချိန်စံညွှန်းများဖြင့် အတုံးလိုက်ကြိတ်ခွဲထုတ်လုပ်ထားသော ရော်ဘာတုံးများနှင့်Latex Concentrate: အရည်ပုံစံအတိုင်း ပျစ်အားမြှင့်ထားသော ရော်ဘာနို့စိမ်းများအဖြစ် အဓိကပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
ရော်ဘာများကို အမြင်အာရုံစစ်ဆေးမှု(Visual Inspection) အရ သန့်ရှင်းမှု၊ အစွန်းအထင်းနှင့် မှိုပါဝင်မှုအပေါ်မူတည်၍ မှိုင်းတိုက်ရော်ဘာပြားRubber Smoked Sheet(RSS) 1,2,3,4,5 ဟူ၍ အမျိုးအစားငါးမျိုးခွဲခြားတွေ့ရှိရသည်။RSS 1မှာ အဆင့်အတန်းမြင့်မားခြင်း၊ သန့်ရှင်းခြင်းအစွန်းအထင်း လုံးဝမရှိခြင်းစသည့် ဂုဏ်သတ္တိများဖြင့် ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများတွင် တွေ့မြင်နိုင်သည်။RSS 2 မှာ အရည်အသွေးကောင်းခြင်း၊ အစွန်းအထင်းအနည်းငယ်သာပါရှိခြင်း စသည့်ဂုဏ်သတ္တိများဖြင့် စက်မှုသုံးရော်ဘာပစ္စည်းများ၊ အဆင့်မြင့်တာယာများတွင် တွေ့မြင်နိုင်ပါသည်။ RSS 3 မှာ အသင့်အတင့် အရည်အသွေးကောင်းမွန်ခြင်း၊ ကမ္ဘာ့အဆင့်အရောင်းအဝယ်အများဆုံးဖြစ်ခြင်းစသည့် ဂုဏ်သတ္တိများဖြင့် မော်တော်ကားတာယာများတွင် တွေ့မြင်နိုင်သည်။RSS 4 မှာ အရောင်ရင့်ခြင်း၊ အစွန်းနှင့် လေပူပေါင်း အနည်းငယ်ပါရှိခြင်း စသည့် ဂုဏ်သတ္တိများဖြင့် ဖိနပ်အလွှာများ၊ ကြမ်းခင်းခင်းရော်ဘာ၊ တာယာအစိတ်အပိုင်းများတွင် တွေ့မြင်နိုင်သည်။RSS 5 မှာ အရည်အသွေးနိမ့်ခြင်း၊ အစွန်းအထင်းများပါရှိခြင်း စသည့်ဂုဏ်သတ္တိများဖြင့် ဈေးနည်းရော်ဘာကုန်ကြမ်းများအဖြစ် တွေ့မြင်နိုင်သည်။
Myanmar Stardard Rubber(MSR) အခန်းကဏ္ဍအရေးကြီးပုံနှင့် ထုတ်လုပ်ပုံ
ယနေ့ခေတ် ပြည်ပတင်ပို့မှုနှင့် တာယာစက်ရုံကြီးများ၏ ဈေးကွက်လိုအပ်ချက်နှင့် တောင်းဆိုချက်များအရ Myanmar Standard Rubber(MSR) ၏ အခန်းကဏ္ဍမှာ တစ်ဟုန်ထိုးမြင့်မားတိုးတက်လာပြီဖြစ်ပြီး အညစ်အကြေးပါဝင်မှုI(Dirt Content) ပေါ်မူတည်၍MSR 10 (အညစ်အကြေးပါဝင်မှု သုည ဒသမ ၁၀ ရာခိုင်နှုန်း)နှင့် MSR 20 (အညစ်အကြေးပါဝင်မှု သုည ဒသမ ၂၀ ရာခိုင်နှုန်း )ဟူ၍ ခွဲခြား တွေ့ရှိရသည်။ MSR 20 (အညစ်အကြေးပါဝင်မှု သုည ဒသမ ၂၀ ရာခိုင်နှုန်း)သည် ဈေးနှုန်းသင့်တင်ပြီး ကမ္ဘာ့တာယာစက်ရုံကြီးများ၏လိုအပ်ချက်နှင့် အတိအကျဆုံး၊ အရောင်းရဆုံးရော်ဘာတုံး အမျိုးအစားအဖြစ် တည်ရှိလျက်ရှိသည်။ ထို့ကြောင့် ရော်ဘာစိုက်တောင်သူများ/ ရော်ဘာလုပ်ငန်းရှင်များအနေဖြင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်မားစွရရှိနိုင်မည့် Myanmar Standard Rubber(MSR) အဆင့် အရည်အသွေးမြင့်ရော်ဘာများအဖြစ် ထုတ်လုပ်တင်ပို့ပါက ဝင်ငွေပိုမိုရရှိမည်ဖြစ်သည်။
ရော်ဘာအသုံးပြုပုံ
ရော်ဘာများကို မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတွင် ကား/ ဆိုင်ကယ် တာယာများ၊ ကျွတ်များ၊ အင်ဂျင်ထိုင်ခုံရော်ဘာတုံးများအနေဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍတွင် ဆေးရုံသုံးလက်အိတ်များ၊ ပိုက်လိုင်းများ၊ ဆေးထိုးအပ်ထုပ်များ ပြုလုပ်ခြင်းအနေဖြင့်လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများကဏ္ဍတွင် ဖိနပ်အောက်ခံများ၊ ရော်ဘာဘောလုံးများ၊ မွေ့ရာများတွင် အသုံးပြုခြင်းဖြင့်လည်းကောင်း၊ စက်မှုလုပ်ငန်းကဏ္ဍတွင် ရေပိုက်များ၊ ကွန်ဗေ ယာဘယ်လ်ကြိုးများ (Conveyor Belts)ပတ်ကင်များစသည့် ပစ္စည်းများ ထုတ်လုပ်ခြင်းအနေဖြင့်လည်းကောင်း တွေ့မြင်နိုင်သည်။ RSS နှင့် MSR ရော်ဘာများ ထုတ်လုပ်ပုံအဆင့်ဆင့်
မှိုင်းတိုက်ရော်ဘာပြား(Ribbed Smoked Sheet)များကို ရော်ဘာပင်မှ ခြစ်ယူရရှိသည့်နို့စိမ်းကို သစ်ရွက်အမှိုက်များစစ်ထုတ်ခြင်း၊ ဖောမစ်အက်စစ်အားအချိုးကျရောစပ်၍ သုံးနာရီမှလေးနာရီအထိ ငြိမ်အောင်ထားရှိခြင်းများဆောင် ရွက်၍ ခဲစေသည်။ ထို့နောက်ကြိတ်စက် (Ribbed Rubber) ဖြင့် အဆင့်ဆင့်ကြိတ်ယူပြီး ရော်ဘာပြားများကို မှိုင်းရုံ(Smoke House)တွင် အပူချိန် ၄၀ မှ ၆၀ ဒီဂရီစင်တီဂရိတ်အတွင်း ထင်းမီးဖြင့် မှိုင်းတိုက်ကာ ခြောက်သွေ့လွယ်ပြီး တစ်ခုနှင့်တစ်ခုကပ်မသွားစေရန် အစောင်းကြောင်းပါ ရော်ဘာအပြားများပြုလုပ်၍ အစိုဓာတ်ခန်းခြောက်စေပြီးအတုံးလိုက် (Bale)ပုံစံဖြင့် ထုပ်ပိုးသည်။ Myanmar Standard Rubber(MSR) များကိုစက်ရုံကြီးများတွင် အပူချိန်၁၁၀မှ ၁၂၀ ဒီဂရီ စင်တီဂရိတ်ရှိသော ပူပြင်းသည့် အခြောက်ခံဖိုများဖြင့် ဖြတ်သန်းကာ ဓာတ်ခွဲခန်းသုံး စံချိန်စံညွှန်းစစ်ဆေးမှုများအပြီးတွင် တစ်တုံးလျှင် ၃၄ ဒသမ ၇ ကီလို ဂရမ်ရှိသောMSR အတုံးများအဖြစ် ဖိသိပ်ထုပ်ပိုး၍ နိုင်ငံတကာသို့ တင်ပို့ရောင်းချလျက်ရှိသည်။
မြန်မာ့ဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်အခြေအနေ
ကမ္ဘာ့ရော်ဘာဈေးနှုန်းများသည် စင်ကာပူကုန်ပစ္စည်း အလဲအလှယ်ဈေးကွက်နှင့် မလေးရှားရော်ဘာဈေးကွက်တို့အပေါ်တွင်မှုတည်၍ ဈေးနှုန်းအတက်အကျဖြစ်ပေါ်လျက်ရှိသည်။ ပြည်တွင်းအရောင်းအဝယ်ပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာ(USD/ Ton ) သို့မဟုတ် နယ်စပ်ကုန်သွယ်ရေးဈေးနှုန်း (တရုတ်ယွမ် / ထိုင်းဘတ်) တို့ဖြင့် ကမ္ဘာ့ဈေးနှုန်းကိုအခြေခံ၍သင့်သလို ဈေးဖြတ်ရောင်းဝယ်နေကြသည်ကို တွေ့ရသည်။ ဈေးကွက်ဝယ်လိုအားနှင့် နယ်စပ်ပို့ကုန် စီးကြောင်းအနေဖြင့် မြန်မာ့MSR 10 နှင့် MSR 20 ရော်ဘာများ၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်ကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူလျက်ရှိပြီး မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ တိုက်ရိုက် သို့မဟုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် စဉ်ဆက်မပြတ်တင်ပို့လျက်ရှိသည်။
ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ
ယနေ့အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် စိုက်ဧက၂၀၆၄၉၊ မိုင်းယောင်းခရိုင်ရော်ဘာစိုက်ပျိုးဧကမှာ ၆၂၉၃ ဧက၊ မိုင်းယု (အထူးဒေသ (၄) ပါ ) ၁၂၅၇၁ ဧကရှိပြီး အဆိုပါ စိုက်ပျိုးဧကများမှထွက်ရှိသောရော်ဘာများအား နိုင်ငံတကာတွင်ဈေးကွက်ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်မားစွာရရှိနိုင်သည့် Myanmar Standard Rubber (MSR) များအား ထုတ်လုပ်၍ ရွှေတြိဂံဒေသ၏ အသည်းနှလုံးဖြစ်သော မဲခေါင်မြစ်အား အားကိုးအားထားပြု၍ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံများမှတစ်ဆင့် ကုန်သွယ်မှုထွက်ပေါက်များရှာဖွေ၍ နိုင်ငံတကာသို့ထိုးဖောက်တင်ပို့နိုင်ရန်လိုအပ်မည်ဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှထွက်ရှိသော ရော်ဘာများအား ပြည်ပသို့တင်ပို့နိုင်မှုအပေါ် တာချီလိတ်ကုန်သွယ်ရေးစခန်း၏ စာရင်းဇယားများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်တန်ချိန်၆၈၀၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၆၉ သန်း ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁၄၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၉ သန်း၊ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ၁၆၄ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၆ သန်း အသီးသီးတင့်နိုင်ခဲ့သည်။
ရော်ဘာတင်ပို့ခြင်းသည် စက်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ မြှင့်တင်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူး
မြန်မာ့ရော်ဘာများ ပြည်ပသို့ကုန်ကြမ်းများတင်ပို့ခြင်းသည် နိုင်ငံခြားဝင်ငွေရရှိနိုင်ပြီး ပြည်တွင်းစက်မှုကဏ္ဍတိုးတက်လာစေရေးအတွက် အဆင့်မြင့်ရော်ဘာတင်ပို့ထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)များထုတ်လုပ်ခြင်းစနစ်များဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အရေးကြီးသည်။ ရော်ဘာအကြမ်းထည်များကို ဈေးနည်းနည်းဖြင့် ပြည်ပသို့တင်ပို့ပြီး ပြည်တွင်း၌လိုအပ်သောရော်ဘာအချောထည်ပစ္စည်းများ(မော်တော်ကားတာယာ၊ ဖိနပ်၊ ဆေးရုံသုံးပစ္စည်းများ)အား ဈေးကြီးပေး၍ပြန်လည်တင်သွင်းနေရခြင်းသည်ကုန်သွယ်မှုလိုငွေကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့် မြန်မာ့ရော်ဘာများကိုအဆင့်မြှင့်တင်၍တင်ပို့ခြင်း၊ တန်ဖိုးမြှင့်ကုန်ချောပစ္စည်းများထုတ်လုပ်ခြင်းတို့အတွက် စက်ရုံ/အလုပ်ရုံများထူထောင်အကောင်အထည်ဖော်နိုင်ရေးမှာ လွန်စွာအရေးကြီးလှပေသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ရော်ဘာအဆင့်မြှင့်တင်ခြင်းနှင့် ကုန်ချောပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက်လိုအပ်သော ရော်ဘာစေးကုန်ကြမ်းပစ္စည်းများပေါများခြင်း၊ စက်ရုံ/အလုပ်ရုံများထူထောင်ရန်လိုအပ်သော လျှပ်စစ် ဓာတ်အားနှင့်မြေနေရာများ ရှိ နေခြင်း၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပေါများခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်အားရှိခြင်းနှင့် နိုင်ငံတကာသို့ ထိုးဖောက်တင်ပို့နိုင်ရန် ကုန်သွယ်မှုလမ်းကြောင်းများရှိနေခြင်းစသည့် အခွင့်အရေးကောင်းများကိုပိုင်ဆိုင်ထားရှိပေသည်။ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စက်ရုံ/အလုပ်ရုံများ တည်ထောင်၍ မြန်မာ့ရော်ဘာများ အဆင့်မြင့်ရော်ဘာအဆင့်သို့ ကူး ပြောင်းနိုင်ပါက ရော်ဘာစိုက်တောင်သူများဈေးကွက်ခိုင်မာမှုရရှိမည်ဖြစ်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေနှင့် ကုန်သွယ်မှုအခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်သည်။
ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စက်မှုကုန်ချောများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် မြန်မာ့ရော်ဘာများအား အဆင့်အတန်း နှင့်အရည်အသွေးမြင့်မားသည့် Myanmar Standard Rubber(MSR) အဖြစ် ထုတ်လုပ်တင်ပို့နိုင်မည့် ရော်ဘာသန့်စင်စက်ရုံကြီးများတည်ဆောက်၍ နိုင်ငံတကာဈေးကွက်အား ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ရွှေတြိဂံဒေသမှာလည်းကြီးမားသည့် အခွင့်အရေးနှင့် အလားအလာကောင်းများ ဆောင်ကြဉ်းယူဆောင်ပေးလျက်ရှိသည်။
ထိုထိုသော အကြောင်းတရားများ၊ ဖြစ်တည်မှုများသည်တစ်ကြိမ်တစ်ဖန်ပြန်လည်၍မရရှိနိုင်သည့်အခွင့်အရေးများဖြစ်ခြင်းကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်/စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၏ လက်တွဲတူညီယှဉ်တွဲ၍ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါတော့သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း
