ဂရိနိုင်ငံအတွက် ဥရောပသမဂ္ဂက အကူအညီရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဂရိပါလီမန်က မတ်လ ၅ ရက်နေ့မှာ ယူရို ၄ ဒသမ ၈ ဘီလီယံရှိ ခြိုးခြံချွေတာရေးအစီအစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။ ယခုခေတ်သစ်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက် ဂရိနိုင်ငံကို ဥရောပသမဂ္ဂ ခေါင်းဆောင်များက ထောက်ပံ့မှုများပေးလာအောင် ဆွေးနွေးဖို့အတွက် ဂရိသမ္မတဂျော့ပါပန်ဒရီယိုဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ငါးရက်ကြာခရီးလှည့်လည်ခဲ့ပါတယ်။ ခရီးစဉ်မှအပြန် ကျင်းပတဲ့ ပါလီမန်အစည်းအဝေးမှာ ခြိုးခြံချွေတာရေးအစီအစဉ်ကို ထောက်ခံမဲရရှိဖို့ အတွက် အကြိတ်အနယ်ဆွေးနွေးခဲ့ရပါတယ်။ အောက်တိုဘာလအတွင်းက ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အာဏာရဆိုရှယ်လစ်အစိုးရဟာ အမတ်နေရာ ၃၀၀ ရှိတဲ့ ပါလီမန်မှာ အမတ် ၁၆၀ ကိုရရှိထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့ကမူ အစိုးရရဲ့အစီအစဉ်ကိုဆန့်ကျင်တဲ့အနေနဲ့ ဂရိကွန်မြူနစ်ပါတီက ဆွေးနွေးပွဲကနေနုတ်ထွက်သွားခဲ့ပါတယ်။ အကယ်၍ နိုင်ငံဘဏ္ဍာရေးလိုငွေပြမှုကိုလျှော့ချလိုက်လို့ လက်ရှိစီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် နောက်ထပ်ခြိုးခြံ ချွေတာရေးအစီအမံတွေကို ထပ်မံဆောင်ရွက်တော့မှာမဟုတ်ကြောင်း ဂရိဘဏ္ဍာရေးဝန်ကြီးက မဲခွဲဆုံးဖြတ်မှုမဆောင်ရွက်မီ မတ်လ ၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ ဘဏ္ဍာရေးဈေးကွက်တွေက ဖိအားပေးတာကိုခံရတဲ့အတွက် ဂရိအစိုးရဟာ ယူရို ၄ ဒသမ ၈ ဘီလီယံရှိ ခြိုးခြံ ချွေတာရေး အစီအစဉ်ကိုရေးဆွဲခဲ့ရတာဖြစ်ပါတယ်။ ဂရိနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေဟာ ၂၀၀၉ ခုနှစ်က ဂျီဒီပီရဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်မှာ ဂျီဒီပီရဲ့ ၈ ဒသမ ၇ ရာခိုင်နှုန်း အထိရောက်အောင်လျှော့ချပေးဖို့ ရည်မှန်းချက်ထားရှိပါတယ်။ ခြိုးခြံချွေတာရေး အစီအစဉ်ဟာ ဂရိနိုင်ငံရဲ့ဘတ်ဂျက် လိုငွေလျှော့ချ ရေးအတွက် အမျိုးမျိုးကြိုးစားမှုရဲ့ နောက်ဆုံးကြိုးပမ်းချက်ဖြစ်ပါတယ်။ အများစုကတော့ ဒီအစီအစဉ်ကို နိုင်ငံအတွက် ဥရောပသမဂ္ဂက အကူအညီရဖို့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ရှုမြင်ထားပါတယ်။ Source: dowjones Newswire
Background