Main menu

Background

တရုတ်သို့ သဘာဝဓာတ်ငွေ့ ဘီလီယံ  ၄၀ ကုဗမီတာ ပို့ဆောင်ပေးနိုင်ခဲ့

Fri, 12/09/2022 - 11:17 -- journal_editor

၂၀၂၂ ခုနှစ်အတွင်း တရုတ်-အလယ်အာရှ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ဘီလီယံ ၄၀ ကုဗမီတာ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း PipeChina West Pipeline  ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်ဟု ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ 
တရုတ်-အလယ်အာရှ  သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အရှည် ၁၈၃၃ ကီလိုမီတာရှိကြောင်း သိရသည်။ အဆိုပါ ပိုက်လိုင်းမှာ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ဘီလီယံ ၆၀ ကုဗမီတာအထိ ပို့ဆောင်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ကြောင်းနှင့် ယင်းပိုက်လိုင်းကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်အသုံးပြုနေခြင်းဖြစ်သည်။ ၎င်းပိုက်လိုင်းသည် အဆိုပါကာလအတွင်း တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၁၂၀ ခန့် သယ်ယူပို့ဆောင်ခဲ့ကြောင်း သိရသည်။ 
တရုတ်-အလယ်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံနယ်စပ်များမှ သွယ်တန်းထားခြင်း ဖြစ်သည်။ ပိုက်လိုင်းသည် ယင်းနိုင်ငံများမှတစ်ဆင့် ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟော့အယ်ကောစီရှိ တရုတ်နိုင်ငံ  West-to-East Gas Pipeline  ပိုက်လိုင်းနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ 
လက်ရှိအချိန်တွင် တရုတ်-အလယ်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ ပြည်နယ်များ၊ မြို့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အပါအဝင် စုစုပေါင်း ၂၇ ခုရှိ ပြည်သူ သန်း ၅၀ဝ ကျော်ကို အကျိုးပြုလျက်ရှိသည်ဟု သိရသည်။
Source; Xinhua