Main menu

Background

တရုတ်က လျှပ်စစ်ကားများ ထုတ်လုပ်ရန် ဆော်ဒီတွင် စက်ရုံတည်ဆောက်မည်

Mon, 12/19/2022 - 15:06 -- journal_editor

တရုတ်နိုင်ငံက ၎င်းတို့၏ လျှပ်စစ်မော်တော်ကားများကို တိုးချဲ့ ထုတ်လုပ်နိုင်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံတွင် စက်ရုံတည် ဆောက်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းရက်မတိုင်မီ  တစ်ရက်အလိုတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ လျှပ်စစ်မော်တော်ကား စက်ရုံ တည်ဆောက်ရေးအတွက် အကြိုသဘောတူညီမှု ရရှိထားခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ အဆိုပါ ခရီးစဉ်အတွင်း စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ် ၃၄ စောင်တွင် လျှပ်စစ်မော်တော်ကားစက်ရုံ တည်ဆောက်ရေး လည်း တစ်ခုအပါအဝင်ဖြစ်သည်။ 
တရုတ်နိုင်ငံနှင့်  ဆော်ဒီအာရေဗျနိုင်ငံတို့သည်  နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အားကောင်းလာ စေရန် ရည်ရွယ်ပြီး နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။
တရုတ်နိုင်ငံ လျှပ်စစ်ကား(EV)  လုပ်ငန်းစတင်သည့် Enovate Motorsသည် သမ္မတရှီကျင့်ဖျင်၏ ဆော်ဒီအာရေဗျနိုင်ငံသို့ သွား ရောက်သည့် နိုင်ငံတော်ခရီးစဉ်အတွင်း စက်ရုံတည်ဆောက်ရေး အတွက် အပြီးသတ် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်လျှပ်စစ်မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီသည် ဆော်ဒီအာရေဗျ အာဏာပိုင်များနှင့် ဖက်စပ်လုပ်ကိုင်ရန် သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်ကာ ယင်းမော်တော်ကားစက်ရုံမှ နှစ်စဉ် လျှပ်စစ် မော်တော်ကားအစီးရေ တစ်သိန်း ထုတ်လုပ်သွားနိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။
အဆိုပါ  လျှပ်စစ်မော်တော်ကား စက်ရုံတွင် သုတေသနနှင့်  ဖွံ့ဖြိုးတိုးတက်ရေးစင်တာတစ်ခု ပါဝင်မည်ဖြစ်သည်။ ယင်းစက်ရုံ တည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ခန့် ကုန် ကျမည်ဖြစ်ကြောင်း Enovate Motors က ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ယခုခရီးစဉ်အတွင်း ဆောင် ရွက်နိုင်ခဲ့သည့် သဘောတူညီချက်များအားလုံးကို  လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသော်လည်း တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျ ကုမ္ပဏီများသည် အစိမ်းရောင်စွမ်းအင်၊ သတင်းအချက်အလက် နည်းပညာ၊  အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးဆိုင်ရာ သဘောတူညီချက်များစွာကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်  မော်တော်ကားဈေးကွက်ကို ပိုင်ဆိုင်ထားပြီး လမ်းမများပေါ်တွင် အသုံးပြုနေသည့် ကားအသစ်ငါးစီးလျှင် သုံးစီးသည် ၂၀၃၀ ပြည့်နှစ် တွင် ဘက်ထရီဖြင့် ပါဝါရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။
 Source; Xinhua 
စိုင်းဗညား