Main menu

Background

ဂျပန်ကုမ္ပဏီက လကမ္ဘာသို့ စီးပွားဖြစ် ဝန်ဆောင်မှုပေးမည်

Mon, 12/19/2022 - 15:49 -- journal_editor

ဂျပန်နိုင်ငံမှ  ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် ispace သည် လကမ္ဘာသွား အာကာသယာဉ်ကို ဒီဇင်ဘာ ၁၁ ရက်တွင် စတင်လွှတ်တင်လိုက်ပြီး ဂျပန်နိုင်ငံ၏ ပထမဆုံး လကမ္ဘာသွား အာကာသခရီးစဉ်နှင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီ တစ်ခု ၏ ပထမဆုံး လကမ္ဘာခရီးစဉ်ဖြစ်ကြောင်း ispace-inc.comu  သတင်းထုတ်ပြန်ထားသည်။ 
အဆိုပါ ဂျပန်ကုမ္ပဏီ ispace ၏ အာကာသယာဉ်ကို အီလွန်မက်စ်၏  Space X  ကုမ္ပဏီပိုင် ဒုံးပျံဖြင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral အာကာသ လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၏ ပုဂ္ဂလိကပိုင် လကမ္ဘာသွား အာကာသယာဉ်ကို တိုကျိုမြို့အခြေစိုက် အာကာသနည်းပညာဆိုင်ရာ ဂျပန်ကုမ္ပဏီသစ် ispace  က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလွှတ်တင်မှုကို အီလွန်မက်စ်၏ SpaceX  ကုမ္ပဏီပိုင်  Falcon 9 ဒုံးပျံဖြင့် ဒီဇင်ဘာ ၁၁ ရက် နံနက် ၂ နာရီ ၃၈ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ရုပ်သံများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ 
ispace ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်Takeshi Hakamada  က ယခုခရီးစဉ်မှာ ပထမဆုံးခရီးစဉ်ဖြစ်ပြီး လကမ္ဘာနှင့် ပတ်သက်၍ ခိုင်မာအားကောင်းသော စီးပွားရေးစနစ်သို့ ပြောင်းလဲရေးအတွက် အခြေခံလုပ်ဆောင်မှုများကို စတင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ispace ၏ ယခုခရီးစဉ်မှာ  Hakuto-R  ခေါ် လကမ္ဘာ သွားအစီအစဉ်၏ ပထမဆုံးမစ်ရှင်ဖြစ်ပြီး ယင်းအာကာသယာဉ်မှာ လာမည့် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း လကမ္ဘာသို့ ဆင်းသက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၏ ပုဂ္ဂလိကအာကာသကုမ္ပဏီသစ်  ispace  တွင် ဝန်ထမ်းဦးရေ ၂၀ဝ ခန့်ရှိကြောင်း သိရသည်။ ယင်းသည် လူသားများ  အာကာသအတွင်း ပိုမိုသွားရောက်နိုင်ရန်နှင့် လကမ္ဘာသို့ ကုန်ကျစရိတ် သက်သက်သာသာဖြင့် စီးပွားဖြစ် ခရီးစဉ်များကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားကြောင်း ispace-inc.com မှ သိရသည်။   
Source; ispace-inc.com
စိုင်းဗညား