တောင်ကိုရီးယားနိုင်ငံတွင် အရွယ်ရောက်ပြီးသူများအနေဖြင့် လိင်ဖျော်ဖြေရေးအရုပ်များ တင်သွင်းခွင့်တားမြစ်ချက်ကို တောင်ကိုရီးယားအာဏာပိုင်များက ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ဘီဘီစီသတင်းဌာနက ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယားအစိုးရသည် ပြည်သူများ၏ ပုဂ္ဂလိကဘဝကို ဝင်ရောက်စွက်ဖက်ခြင်း ရှိ၊ မရှိ နှစ်ပေါင်းများစွာ အချေအတင်ဆွေးနွေးပြီး နောက် ယခုကဲ့သို့ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ပြန်လည်ပြင်ဆင်ထားသော လမ်းညွှန်ချက်များအရ အရွယ်ရောက်ပြီးသူ ပုံသဏ္ဌာန်ရှိအရုပ်များကို အကောက်ခွန်ဖြတ်သန်းခွင့်ပြုသော်လည်း အရွယ်မရောက်သေးသူများနှင့် ဆင်တူသော ကလေးအရုပ်များကို တားမြစ်ထားဆဲဖြစ် ကြောင်း တောင်ကိုရီးယားနိုင်ငံ အကောက်ခွန်ဝန်ဆောင်မှုက ထုတ်ပြန်ပြောဆိုထားသည်။
လိင်ဖျော်ဖြေရေးအရုပ်များသည် တောင်ကိုရီးယားနိုင်ငံတွင် ယခင်က တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။ ထောင်ပေါင်းများစွာသော လိင်ဖျော်ဖြေရေးအရုပ်များကို ၂၀၁၈ ခုနှစ်ကတည်းက အကောက်ခွန်တွင် သိမ်းဆည်းရမိခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ ဓလေ့ထုံးတမ်းနှင့် အများသူငှာ ကိုယ်ကျင့်တရားကို ထိခိုက်စေသည့် ကုန်ပစ္စည်းများကို ကန့်သတ်သည့် ဥပဒေတစ်ရပ်အရ တာဝန်ရှိသူများက အရွယ်မရောက်သေးသူများနှင့် ဆင်တူသော ကလေးအရုပ်များ တင်သွင်းခြင်းကို ပိတ်ပင်ထားခြင်းဖြစ်သည်။
အဆိုပါ လိင်ဖျော်ဖြေရေးအရုပ်များ တင်သွင်းသူများသည် ကနဦးတွင် တင်သွင်းမှုကို ခွင့်ပြုပေးရန်နှင့် အကောက်ခွန်တွင် အရုပ်များကို လွှတ်ပေးရန် ၎င်းတို့၏ တိုင်ကြားစာများကို တရားရုံးသို့ ဦးတိုက်လျှောက်ထား တောင်းဆိုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံအစိုးရက လိင်ဖျော်ဖြေရေးအရုပ်တင်သွင်းသူများကို ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ထင်ရှားကျော်ကြားသူများနှင့် ဆင်တူသည့် လိင်ဖျော်ဖြေရေးအရုပ်များ တင်သွင်းရောင်းချခြင်းကို ဓလေ့ထုံးတမ်းအရ ဆက်လက်တားမြစ်ထားမည်ဟု ဆိုသည်။
Source; BBC
စိုင်းဗညား