Main menu

Background

ပြည်ပဧည့်သည်များထံမှ ခရီးသွားခွန် ကောက်ခံရန် ထိုင်းနိုင်ငံ စီစဉ်နေ

Thu, 01/19/2023 - 12:26 -- journal_editor

ထိုင်းနိုင်ငံတွင် ကိုဗစ်စည်းကမ်း ကန့်သတ်ချက်များကို ဖြေလျှော့လိုက်မှုနှင့်အတူ ခရီးသွားများ မြောက်မြားစွာ ဝင်ရောက်လျက်ရှိနေသည်။ ယခုရာသီမှာ ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ခရီးသွားကဏ္ဍမှာလည်း ဖွံ့ဖြိုးလာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် ယခုနှစ် ဇွန်လမှစတင်ပြီး မိမိနိုင်ငံတွင်းသို့  ဝင်ရောက်လာသည့်  ပြည်ပ ခရီးသည်များအား ဝင်ကြေး ဘတ်ငွေ ၃၀ဝကို ကောက်ခံသွားရန်  စီစဉ်နေကြောင်း ထိုင်းနိုင်ငံ အစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားကြောင်း ဘန်ကောက်ပို့စ်တွင် ရေးသားဖော်ပြ ထားသည်။
ထိုင်းနိုင်ငံအနေဖြင့်  အဆိုပါ ကောက်ခံ၍ ရရှိလာသောငွေကြေးများကို နိုင်ငံအတွင်း မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်ပခရီး သွားဧည့်သည်များကို  ဆေးကုသပေးရန်၊ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်နှင့် ခရီးသွားများ စိတ်ဝင်စားသည့် နေရာများကို လက်ရှိထက် ပိုမို ဖွံ့ဖြိုးတိုးတက်စေရန် ယင်းကောက်ခံရရှိငွေများကို အသုံးချသွားမည်ဟုဆိုသည်။ 
ထိုင်းနိုင်ငံသည် ဇွန်လမှစတင်ပြီး မိမိနိုင်ငံ တွင်းသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသည်များ အား ဝင်ကြေး ဘတ်ငွေ ၃၀ဝ ကို ကောက်ခံသွားရန် စီစဉ်နေသည်ဟု  ဆိုသော်လည်း နိုင်ငံတွင်းသို့ အလုပ်ပါမစ်ဖြင့်  လာရောက်သူများကိုမူ  အခွန် ကောက်ခံသွားမည်မဟုတ်ကြောင်းနှင့်  နယ်စပ် ဖြတ်သန်းခွင့်ရှိသည့် နိုင်ငံခြားသားများထံမှလည်း အခွန်ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ယင်းအဆိုပြုချက်ကို ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ်က အဆိုတင်သွင်းခဲ့ပြီး အတည် မဖြစ်သေးဘဲ အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ရယူရဦးမည်ဖြစ်ကြောင်း သိရသည်။
ဒေသတွင်း နိုင်ငံများထဲတွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးသည့် ထိုင်းနိုင်ငံသည်  ယခု ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား ၂၅ သန်းခန့် ဝင်ရောက် လာရန် မျှော်မှန်းထားကြောင်း သိရသည်။ ထို့ပြင်  ခရီးသွားလုပ်ငန်း  အသုံးစရိတ်မှာ အနည်းဆုံး ထိုင်းဘတ်ငွေ ၂ ဒသမ ၃၈ ထရီလီယံ ကုန်ကျရန် ခန့်မှန်းထားကြောင်း သိရသည်။
Source; Bangkok Post

စိုင်းဗညား