Main menu

Background

တရုတ်ခရီးသွားများကို ကြိုဆိုရန် ဖိလစ်ပိုင် အသင့်ရှိနေဟုဆို

Mon, 01/30/2023 - 15:37 -- journal_editor

ဖိလစ်ပိုင်နိုင်ငံသည်  လက်ရှိအချိန်တွင် နိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။ ထိုသို့  ဆောင်ရွက်နေချိန်တွင် ဖိလစ်ပိုင်နိုင်ငံသည်  တရုတ်နိုင်ငံမှ ဝင်ရောက်လာမည့် ခရီးသွားများကိုလည်း ကြိုဆိုရန် အသင့်ရှိနေကြောင်း ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်ကို  ကိုးကားပြီး ဖိလစ်ပိုင်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်တွင် မနီလာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်ခရီးသွား အမြောက်အမြားကို ကြိုဆိုခြင်း အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု ပြန်လည်များပြားနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများအပြားက တရုတ်ခရီးသွားများကို  အကန့်အသတ်တစ်ခုဖြင့် ဝင်ရောက်ခွင့်ပြုနေချိန်တွင်  ဖိလစ်ပိုင်နိုင်ငံက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေခြင်းကို ဝေဖန်နေမှုများလည်း  ရှိနေကြ သည်။
တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးတက်စေရေးအတွက် တရုတ်ခရီးသွားများကို  မိမိတို့အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ပြည်သူများ၏ နွေးထွေးပျူငှာမှုကို မြင်တွေ့စေချင်သကဲ့သို့ ဖိလစ်ပိုင်နိုင်ငံ ကမ်းခြေများနှင့် သဘာဝတရားများကို ဧည့်သည်များ အပြည့်အဝ  ခံစားစေလိုသည့် ဆန္ဒရှိနေကြောင်း၊ မိမိတို့အနေဖြင့် ခရီးသွားကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေချိန်တွင် ပြည်ပခရီးသွားများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ လာရောက်လည်ပတ်နိုင်ကြောင်းကို ပြောကြားပြီး ဖိတ်ခေါ်လိုကြောင်း  ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး ခရစ္စတီနာဖရာစကိုက ပြောခဲ့သည်။
ခရီးသွားလုပ်ငန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ် ပြီး တိုင်းပြည်၏ ဂျီဒီပီ တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေသည်။
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများမှာ ကမ္ဘာအရပ်ရပ်တွင် တုံ့ဆိုင်းခဲ့ရသည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံတွင်မူ ခရီးသွားလုပ်ငန်းမှာ သိသိသာသာ လျော့ကျသွားခြင်းမရှိဘဲ နိုင်ငံ၏အဓိကစီးပွားရေး ထောက်တိုင် တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။
Source; pna.gov.ph 

စိုင်းဗညား-စုစည်းသည်