Main menu

Background

၂၀၂၂ ခုနှစ်တွင် Chery ကားအစီးရေ ၁ ဒသမ ၂၃ သန်း ရောင်းချခဲ့ရ

Mon, 01/30/2023 - 16:02 -- journal_editor

တရုတ်နိုင်ငံတွင် အခြေစိုက်ပြီး မော်တော်ကားထုတ်လုပ်နေသည့် Chery မော်တော်ကား ကုမ္ပဏီက ထုတ်လုပ်သည့် မော်တော်ကားများမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၁ ဒသမ ၂၃ သန်းအထိ ရောင်းချခဲ့ရကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ Cheryကား ရောင်းချရမှုမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လတည်း၌ပင် ကားအစီးရေ ၁၀၅၄၈၃ စီး ရောင်းချခဲ့ရခြင်းဖြစ်သည်။ တစ်နှစ်တာလုံး  အတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင် စုစုပေါင်း မော်တော်ကားအစီးရေ ၁၂၃၂၇၂၇စီး စံချိန်တင်  ရောင်းချခဲ့ရခြင်းဖြစ်သည်ဟု  သိရသည်။ Chery မော်တော်ကားများ ရောင်းချရမှု အခြေအနေကို ကြည့်ပါက ၂၀၂၂ ခုနှစ် ရောင်းအားမှာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၈ ဒသမ ၂ ရာခိုင်နှုန်းအထိပင်   တိုးလာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ပြည်ပသို့ မော်တော်ကား ရောင်းချမှုမှာ  တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လျက်ရှိကြောင်းနှင့် ပြည်ပသို့  တင်ပို့ရောင်းချခဲ့သည့် ကားများထဲတွင် တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်များစွာရှိသည့်အထဲမှ Chery မော်တော်ကားများသည်  လူကြိုက်များသည့်အထဲတွင် ထိပ်ဆုံးမှ ပါဝင်နေပြီး  နှစ်ပေါင်း ၂၀ ဆက်တိုက် ရောင်းအားအကောင်းဆုံးအဖြစ်  ရပ်တည်နေကြောင်း သိရသည်။
ကူးစက်မြန်ကိုဗစ်နောက်ဆက်တွဲ ပြဿနာများကြောင့် ၂၀၂၁ ခုနှစ်တွင်  မော်တော်ကား ထုတ်လုပ်မှု အများစုမှာ လျော့ကျခဲ့ရသလို ရောင်းအားများလည်း   ကျဆင်းခဲ့ရသည်။  သို့သော် Chery  ကားများမှာမူ   တခြားမော်တော်ကား ကုမ္ပဏီများကဲ့သို့ ထုတ်လုပ်မှု လျော့ကျခြင်းမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်ထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ Chery အနေဖြင့် ထိုကဲ့သို့ ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ခြင်းမှာ မော်တော်ကားများတွင် အသုံးပြုသည့် ချစ်ပ်ပြားပြဿနာကို ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့မှုကြောင့်ဟု ဆိုသည်။
ကမ္ဘာတစ်ဝန်းတွင် Chery ကားအသုံးပြုသူ စုစုပေါင်း ၁၁ ဒသမ ၂ သန်းရှိနေသည်ဟုဆိုသည်။ ယင်းအထဲတွင်  ၂  ဒသမ ၄ သန်းမှာ  ပြည်ပမှ သုံးစွဲသူများဖြစ်ကြောင်း  ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
Chery မော်တော်ကား  ထုတ်လုပ်သည့် ကုမ္ပဏီအနေဖြင့် နည်းပညာမြင့်ကုမ္ပဏီများဖြင့် ပေါင်းစပ်ပြီး သုံးစွဲသူများနှင့် သဟဇာတဖြစ်သော ကားများသာမက လူကြိုက်များသောကားများကိုပါ  ဆက်လက်ဖန်တီး  ထုတ်လုပ်နိုင်အောင် ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။ ထို့ပြင် Chery အနေဖြင့် ကမ္ဘာ့နာမည်ကြီး မော်တော်ကား များကိုယှဉ်နိုင်ရန်  ကြိုးပမ်းလျက်ရှိသည်ဟု ဆို သည်။
ဆန်းသစ်တီထွင်မှုကို  အဓိကတွန်းအား အဖြစ်ထားခြင်းဖြင့် Chery သည် နည်းပညာပိုင်းတွင်လည်း  ၎င်း၏ဦးဆောင်မှုကို ဆက်လက်အားကောင်းစေလျက် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးအဖြစ်သို့  အသွင်ပြောင်းနိုင်ရန်အတွက် အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
Chery သည် မော်တော်ယာဉ်အသစ် ထုတ်လုပ်တိုင်း  ခေတ်မီဆန်းပြားသော နည်းပညာ အသစ်များကို ခေတ်နှင့် မျက်ခြည်မပြတ် ပါဝင်လာစေရန် သိပ္ပံပညာရှင်ကြီးများ ပါဝင်သည့်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားပြီး ယင်းအဖွဲ့ကို နည်းပညာဆိုင်ရာ  ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရာ၌ ဦးဆောင်ပါဝင်စေသည်ဟု ဆိုသည်။
 
Source; Xinhua