Main menu

Background

တရုတ်က ကမ္ဘာတွင် ကားတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာ

Mon, 02/13/2023 - 10:11 -- journal_editor

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုမှာ ဂျာမနီနိုင်ငံကိုကျော်လွန်ပြီး  ကမ္ဘာပေါ်တွင်  ဒုတိယ တင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်လာကြောင်း scmp.com  တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုမှာ ၂၀၂၂ခုနှစ် စာရင်းများအရ သုံးသန်းကျော်ရှိခဲ့သည်။ ဂျာမနီနိုင်ငံ၏  တင်ပို့မှုမှာ ၂ ဒသမ ၆၁ သန်းသာ ရှိခဲ့ခြင်းကြောင့် တရုတ်နိုင်ငံက ကျော်တက်ပြီး ကမ္ဘာပေါ်တွင် မော်တော်ယာဉ်တင်ပို့မှု ဒုတိယအများဆုံးနေရာကို  ရောက်ရှိလာခြင်းဖြစ် သည်။
တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းအခြေစိုက်  မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများမှ ကားအစီးရေ ၃ ဒသမ ၁၁ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ 
တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီများအနေဖြင့် လူစီးယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များကို  ကောင်းစွာ ထုတ်လုပ်နိုင်ခြင်း ကြောင့် အားကောင်းမောင်းသန်သော ကားထုတ်လုပ်သူအဖြစ် ကျော်ကြားခဲ့ကြောင်း ပုဂ္ဂလိကရှယ် ယာကုမ္ပဏီUnity Asset Management ၏ မိတ်ဖက်တစ်ဦးဖြစ်သည့် Cao Hua က ပြောသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ကားများသည် မြန်မာနိုင်ငံအပါအဝင်  ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ဈေးကွက်ဝေစု အများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုအောင်မြင်ခြင်းကလည်း တရုတ်နိုင်ငံကို ကမ္ဘာ့ထိပ်တန်း မော်တော်ကား တင်ပို့ရောင်းချသည့်နိုင်ငံများကြားတွင် ထိပ်တန်းနေရာကို တွန်းပို့နိုင်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လူစီးနှင့်လုပ်ငန်းသုံးမော်တော်ကားများ ထုတ်လုပ်မှုမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ Volkswagen,   General Motors, BMW နှင့် Mercedes-Benz ကဲ့သို့သော နိုင်ငံခြားမော်တော် ကားထုတ်လုပ်သည့်ကုမ္ပဏီများသည် ၂၀ဝ၉ ခုနှစ်ကတည်းက ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်ခဲ့သည့် တရုတ်နိုင်ငံ၏ မော်တော်ကားဈေးကွက်ကို ကာလအတန်ကြာအောင် လွှမ်းမိုးထားနိုင်ခဲ့သည်။
BYD နှင့် Geely ကဲ့သို့သော တရုတ်နိုင်ငံ၏ ပြည်တွင်းကုန်အမှတ်တံဆိပ်များသည် ခိုင်မာအားကောင်းသော မော်တော်ယာဉ်ထောက်ပံ့ရေးကွင်းဆက်၏ အကူအညီများဖြင့် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်းများကို ချဲ့ထွင်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ လျှပ်စစ်ကား  တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာ တိုးလာမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အစီးရေ ၆၇၉၀ဝ၀ ရှိခဲ့သည်ဟု ဆိုသည်။
Source; scmp.com
စိုင်းဗညား - စုစည်းသည်