
လက်ရှိအချိန်တွင် မလေးရှားနိုင်ငံ၌ စားအုန်းဆီ ပြည်တွင်းစားသုံးမှု မြင့်တက်လျက်ရှိနေသော်လည်း ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ပြည်တွင်းစားအုန်းဆီသုံးစွဲမှုမှာ တန်ချိန် ၁၉ ဒသမ ဝ၁ သန်း ရှိခဲ့သည်။ သို့သော် ယခု ၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ပြည်တွင်းစားအုန်းဆီသုံးစွဲမှုမှာ တန်ချိန် ၁၉ ဒသမ ၈၅ သန်း အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
ထို့ပြင် ပြည်ပနိုင်ငံများသို့ မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုမှာ ၁၅ ဒသမ ၇၃ သန်းရှိခဲ့ရာမှ ၁၆ ဒသမ ၄၄ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားသုံးမှုအတွက် စားအုန်းဆီကို အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ နှစ်စဉ် ထိုကဲ့သို့တင်သွင်းရာတွင် အိန္ဒိယနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။
ယခု ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်များကြောင့် စားအုန်းဆီ ဝယ်လိုအားအပြောင်းအလဲဖြစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကို လိုသလောက်မရရှိခြင်းကြောင့် အိန္ဒိယနိုင်ငံသည် မလေးရှားနိုင်ငံမှ စားအုန်းဆီကို ပိုမိုဝယ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် စားအုန်းဆီသိုလှောင်ထားသည့် လက်ကျန်များကုန်သွားသည်အထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၏ စားအုန်းဆီသိုလှောင်မှုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က တန်ချိန် ၄ ဒသမ ၂၂ သန်းသာရှိခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၃၃ သန်း ရှိလာနိုင်ကြောင်းနှင့် ယခင်နှစ်များကထက် ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဟုလည်း ရည်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စားအုန်းဆီထုတ်လုပ်သည့် အကြီးဆုံးနိုင်ငံဖြစ်ပြီး ၎င်း၏နောက်တွင် မလေးရှားနိုင်ငံက ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယ စသည်ဖြင့် အသီးသီးရှိနေသည်။
Source; bloomberg.com
စိုင်းဗညား