Main menu

Background

ရွှေသိုက်ကြီးတစ်ခု တရုတ်နိုင်ငံတွင် တွေ့ရှိ

Thu, 03/30/2023 - 16:08 -- journal_editor

ကြီးမားသည့် ရွှေသိုက်ကြီးတစ်ခုကို မကြာမီ ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ၌  တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့သည့် အဆိုပါ ရွှေသိုက်ကြီးမှာ တန်ချိန် ၅၀ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းရွှေသိုက်ကြီးမှာ လက်ရှိကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၃ ဘီလီယံနှင့်ညီမျှကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်ဟု ဆိုသည်။

အဆိုပါ ရွှေသိုက်ကြီးကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ရူရှန်းကျေးလက်ဒေသတွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းဒေသသည် ယခင်ကတည်းကပင် တရုတ်နိုင်ငံတစ်ဝန်း၌ ရွှေအရင်းအမြစ် ပေါကြွယ်ဝလှသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ယခုတွေ့ရှိခဲ့သည့် ရွှေသိုက်ကြီးမှာ မီတာ ၁၄၀ဝ အနက်ရှိသည့် တွင်းပေါင်း ၂၅၀ ခန့်ကို တူးဖော်ခဲ့ပြီးမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရွှေသိုက်ကြီးသည် နှစ်ပေါင်း ၂၀ အတွင်း ရွှေသတ္တုရိုင်း တန်ချိန် ၂၀ဝ၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်ဟု ဆင်ဟွာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။                                                              

Source; Xinhua

စိုင်းဗညား