Main menu

Background

Angry Birds ကို ဂျပန်ကုမ္ပဏီ ဆီဂါ ဝယ်ယူ

Mon, 04/24/2023 - 15:45 -- journal_editor

ဂျပန်အခြေစိုက် Sega Sammy Holdings သည် ဖင်လန်အခြေစိုက် Rovio Entertainment ထံမှ နာမည်ကြီး Angry Birds ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ Sega Sammy Holdings  သည် Angry Birds အား ဝယ်ယူမှုအတွက် ဖင်လန်အခြေစိုက် ဗီဒီယိုဂိမ်းထုတ်လုပ်သူ Rovio Entertainment ကို ယူရို ၇၀၆ သန်း (ပေါင် ၆၂၅ သန်း)  ပေးချေထားပြီး ဖြစ်ကြောင်း သိရသည်။ Sega သည် နာမည်ကြီး Sonic the Hedgehog ဇာတ်ကောင် ဖြင့် ဗီဒီယိုဂိမ်းများကို ထုတ်လုပ်နေသည့် ဂျပန်ဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
Rovio Entertainment မှ Angry Birds သည် အကြိမ်ပေါင်း တစ်ဘီလီယံ ဒေါင်းလုဒ်လုပ်သည့် ပထမဆုံး မိုဘိုင်းဂိမ်းဖြစ်ပြီး Angry Birds ဇာတ်ကားနှစ်ကား ကိုလည်းထုတ်လုပ်ထားသည်ဟု Rovio ကပြောကြားခဲ့သည်။ Rovio Entertainment သည် ကမ္ဘာတစ်ဝန်းတွင် ဂိမ်းစတူဒီယို ရှစ်ခုရှိပြီး ယင်းဂိမ်းစတူဒီယို ရှစ်ခုတွင် ဝန်ထမ်းပေါင်း ၅၅၀ ခန့်ရှိသည်။
Angry Birds ကို ဝယ်ယူလိုက်ခြင်းဖြင့် မိုဘိုင်းဂိမ်းကစားခြင်း ရာခိုင်နှုန်းသည်  ၅၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားပြီး ၎င်း၏ဈေးကွက်မှာလည်း  ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၃ ဘီလီယံအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
"လျင်မြန်စွာ  ကြီးထွားလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဂိမ်းဈေးကွက်ထဲမှာ မိုဘိုင်းဂိမ်းဈေးကွက်ကလည်း အထူးမြင့်မားလာနေပါတယ်။ တစ်နည်းအားဖြင့် Rovio Entertainment ထံက နာမည်ကြီး Angry Birds ကို ဝယ်ယူလိုက်တာက ဂိမ်းနယ်ပယ်ကို အရှိန်အဟုန်နဲ့ချဲ့ထွင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါဟာ Sega ရဲ့ရေရှည်ရည်မှန်းချက် ဖြစ်ပါတယ်"ဟု Sega Sammy Holdings ၏ အမှုဆောင် အရာရှိချုပ် Haruki Satomi က ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာတစ်ဝန်းက ချစ်ကြသော Angry Birds ကို ပိုင်ဆိုင်သည့် Rovio ကုမ္ပဏီနှင့် ယခုကဲ့သို့ အရောင်းအဝယ်ပြုလုပ်မှုကို ကြေညာရခြင်းက အလွန်ပင် ပျော်ရွှင်မိကြောင်း၊ ကုမ္ပဏီ၏ လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်မိုဘိုင်းဂိမ်း ဖွံ့ဖြိုးတိုးတက်မှုနှင့် လည်ပတ်လုပ်ဆောင်နိုင်မှုစွမ်းရည်များကို ပံ့ပိုးပေးသည့် ကျွမ်းကျင် ဝန်ထမ်းကောင်း များစွာရှိခြင်းကလည်း Angry Birds ၏ အောင်မြင်မှုကို  ဆက်လက်ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။  

Source; BBC

စိုင်းဗညား