Main menu

Background

အမေရိကန်ဘဏ်ရှယ်ယာများ သိသိသာသာ လျော့ကျလာ

Wed, 05/10/2023 - 16:25 -- journal_editor

အမေရိကန်ပြည်ထောင်စုရှိ ရင်းနှီးမြှုပ်နှံသူများသည် ငွေကြေးဈေးကွက်ကို ချုပ်ကိုင်ထားသည့် ဘဏ်အကျပ်အတည်းကို စိုးရိမ်သောကြောင့် ဒေသတွင်းရှိ ဘဏ်အများအပြားတွင် ရှယ်ယာများထည့်ဝင်မှု သိသိသာသာ ကျဆင်း သွားခဲ့ကြောင်း  ဘီဘီစီသတင်းတစ်ရပ်က  ရေးသားဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင် First Republic ဘဏ် ပြိုကွဲပြီးနောက် ဖောက်သည်များက အမေရိကန်ဒေါ်လာဘီလီယံ ၁၀ဝ ကျော် ပြန်လည်ထုတ်ယူခဲ့သည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စုသမိုင်း၌ ဒုတိယအကြီးဆုံး ဘဏ်ကျရှုံး မှုဖြစ်ပြီး ၂၀၂၃ ခုနှစ်  မတ်လနောက်ပိုင်းတွင် တတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
ယခုအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်တွင်းရှိ အခြားဘဏ်များ၏ အန္တရာယ်များကို စောင့်ကြည့်နေကြ သည်ဟုဆိုသည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိမ်ဂျလိစ်ရှိ Pacific Western Bank သည်  အကျိုးတူ အရင်းအနှီးဖြင့် ကျောထောက်နောက်ခံပြုထားသော  ကုမ္ပဏီများသို့ ချေးငွေထုတ်ချေးခြင်းအတွက်  စိစစ်ခံနေရပြီး အဆိုပါဘဏ်တွင် ထည့်ဝင်ထားသည့် ရှယ်ယာ များသည်လည်း ၂၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် အရီဇိုးနားပြည်နယ် ဖီးနက်စ်တွင် ရုံးစိုက်သော Western Alliance ဘဏ်၏ အစုရှယ်ယာများသည်လည်း  ၁၅ ရာခိုင်နှုန်းအထိ ကျဆင်း သွားခဲ့ကြောင်း သိရသည်။
အမေရိကန်ဗဟိုဘဏ်သည်  အတိုးနှုန်းကို ပြီးခဲ့သည့် မတ်လက ၄ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ဆွဲမြှင့်ခဲ့ပြီး မေလထဲတွင်လည်း နောက်ထပ် သုည ဒသမ ၂၅ ရာခိုင်နှုန်း ထပ်တိုးဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။
အစိုးရထံမှ First Republic ဘဏ်ကို ဝယ်ယူခဲ့သော JP Morgan Chase ၏ အမှုဆောင်အရာရှိချုပ် Jamie Dimon က First Republic ပြိုလဲခြင်းသည် အကျပ်အတည်းများ၏  အဆုံးသတ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ ဘဏ်ပေါင်း ၄၀ဝ၀ ကျော်ရှိသည့် ဘဏ်လုပ်ငန်းစနစ်သည် စီးပွားရေး အားနည်းနေချိန်တွင် စုစည်းမှုလှိုင်း တစ်ခုအတွက် အသင့်ရှိနေနိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောကြားခဲ့သည်။

 Source; BBC

စိုင်းဗညား