တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းရေနံမြေဖြစ်သည့် တာချင့် ရေနံလုပ်ကွက်မှ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ရေနံစိမ်းတန်ချိန် ၁၅ ဒသမ ဝ၉ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း China National Petroleum Corporation ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သော ရေနံမြေ၏ထုတ်ပြန်ချက်အရ သိရသည်ဟု ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခု ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစ၍ တာချင့် ရေနံလုပ် ကွက်မှ ရေနံထုတ်လုပ်မှု တည်ငြိမ်တိုးတက်စေရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု တိုးမြှင့်ခြင်းဆိုင်ရာ ရည်မှန်းချက်များကို အာရုံစိုက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယင်းရေနံလုပ်ကွက်မှ သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် ယမန်နှစ် အလားတူကာလ နှင့်နှိုင်းယှဉ်ပါက ကုဗမီတာ ၆၃ သန်း ပိုတိုးလာခဲ့သည်ဟု သိရသည်။
တာချင့် ရေနံလုပ်ကွက်သည် တရုတ်နိုင်ငံ၏ အကြီး ဆုံး ရေနံထုတ်လုပ်ရေးစခန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်တွင် တည်ရှိ သည်။
တာချင့်ရေနံလုပ်ကွက်မှ စုစုပေါင်း ရေနံစိမ်းတန်ချိန် ၂ ဒသမ ၅ ဘီလီယံကျော် ထုတ်လုပ်ထားပြီး တရုတ်နိုင်ငံ၏ ကုန်းတွင်း ရေနံစိမ်းထုတ်လုပ်မှု စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ရေနံစိမ်းမြောက်မြားစွာ ထုတ်လုပ်ပေး နေသည့် တာချင့်ရေနံလုပ်ကွက်သည် တရုတ်နိုင်ငံ၏ခေတ်မီ ရေနံလုပ်ငန်းအတွက် သိသာထင်ရှားစွာ အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။
Source; Xinhua
စိုင်းဗညား
