Main menu

Background

မည်သည့်မြေပြင်တွင်မဆို မောင်းနှင်နိုင်သည့် ၁၈ ဘီးကားကို ဖင်လန်ကုမ္ပဏီ တီထွင်

Mon, 07/31/2023 - 13:56 -- journal_editor

ဖင်လန်နိုင်ငံအခြေစိုက် 18Wheels Inc ကုမ္ပဏီက မည်သည့် မြေပြင်နေရာ တွင်မဆို မောင်းနှင်နိုင်သည့် ၁၈ ဘီးကား (all-terrain vehicle -ATVကို တီထွင် လိုက်ကြောင်း motortrend.comတွင် ဇူလိုင် ၂၈ ရက်က ရေးသားဖော်ပြထားသည်။ 
အဆိုပါ ၁၈ဘီးကားသည် ဘီးလုံးငယ်တစ်လုံးစီကို သီးခြားအောက်ပိုင်းစနစ် တစ်ခုစီဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မညီမညာ ကြမ်းတမ်းသည့် လမ်းများ ၌ပင် သက်သောင့်သက်သာ မောင်းနိုင်၊ စီးနိုင်စေမည်ဟု   18Wheels Incကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
ယင်း ၁၈ ဘီးကားသည် သေးငယ်သည့် ဘီးလုံးများကြောင့် အတားအဆီး တစ်ခုခုနှင့် တိုက်မိချိန်တွင် ကားနှင့် အရာဝတ္ထုတို့ ဆောင့်မိသည့်အရှိန်က သာမန် ဗွှဠ ကားများထက် ၁၀ ဆခန့် လျော့နည်းကြောင်း၊ 18Wheels Inc ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ၁၈ ဘီးကား ပုံစံငယ်ကို ပြသခဲ့သော်လည်း ယင်းအချိန်က လူသိနည်းခဲ့ပြီး ယခုအချိန်မှသာ အွန်လိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံ့နှံ့ လာမှုနှင့်အတူ လူသိများလာခဲ့ခြင်းဖြစ်သည်။ 
18Wheels Inc ကုမ္ပဏီကို တည်ထောင်သူ အလီယက်ဗ်က မိမိတို့၏ ATV  က အတားအဆီးများကို အမြန်နှုန်းဖြင့် ဖြတ်ကျော်ကာ မောင်းနှင်နိုင်ကြောင်း၊ မော်တော်ကားမောင်းနှင်ရာ လမ်းကြောင်းပေါ်တွင် လုံးပတ် ၁၄ လက်မခန့်ရှိ သစ်ပင်တစ်ပင် လဲကျနေပါကလည်း အဆိုပါ သစ်ပင်ကို ဖယ်ရှားခြင်းမပြုလုပ်ဘဲ ဖြတ်မောင်းခြင်းမျိုး ပြုလုပ်နိုင်ကြောင်း၊ လှေကားပေါ်၊ ကျောက်တုံးများပေါ်နှင့် မညီမညာသည့် မြေအနေအထားမျိုးတွင်လည်း ကောင်းစွာ မောင်းနှင်နိုင်ကြောင်း၊ လက်ရှိ ကမ္ဘာပေါ်တွင် မိမိတို့ တီထွင်ထားသည့် ATV  ကဲ့သို့ မောင်းနှင်နိုင်သည့်ယာဉ် မျိုး မရှိသေးကြောင်း ပြောဆိုခဲ့သည်။ 18Wheels Inc. ကုမ္ပဏီသည် လာမည့် အောက်တိုဘာလအတွင်း စီးပွားဖြစ် ထုတ်လုပ်မည့် ၁၈ ဘီးကားပုံစံကို ပြသသွား ရန်ရှိကြောင်းနှင့် အဆိုပါ ၁၈ ဘီးကား စမ်းသပ်မောင်းနှင်ပြထားသည့် ဗီဒီယိုကို ကြည့်ရှုနိုင်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။  

Source; motortrend.com

စိုင်းဗညား