တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့် ဖျင်သည် အောက်တိုဘာ ၁၈ ရက်က ကျင်းပခဲ့ သည့် တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားခဲ့မှုနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် လုပ်ဆောင်ချက် ရှစ်ရပ်ကိုလည်း ထည့်သွင်းကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထား သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့် ဖျင် ကြေညာသွားသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် လုပ်ဆောင်ချက် ရှစ်ရပ်မှာ (၁) ရပ်ဝန်းနှင့်ပိုးလမ်းမကို သုံးဘက်မြင် အပြန် အလှန်ချိတ်ဆက်သည့် ကွန်ရက်အဖြစ် တည် ဆောက်မည်၊ (၂) ပွင့်လင်းသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ဆောက်မှုကို အားပေးထောက်ခံ မည်၊ (၃) လက်တွေ့ကျသည့် ပူးပေါင်းဆောင် ရွက်မှုများကို ပြုလုပ်မည်၊ (၄) အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေးကိုမြှင့်တင်ဆောင်ရွက်မည်၊ (၅) သိပ္ပံ နည်းပညာ ဆန်းသစ်ဖန်တီးမှုကို တွန်းအားပေး မည်၊ (၆) ပြည်သူအချင်းချင်း သွားလာဆက်ဆံ ရေးကို အားပေးဆောင်ရွက်မည်၊ (၇) ဂုဏ်သိက္ခာ၊ သမာဓိရှိသောလမ်းကို တည်ဆောက်မည်နှင့် (၈) ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှုယန္တရားကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဟူသည့် အချက်များပင် ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံများနှင့်အတူ စွမ်းအင်၊ အခွန်စည်းကြပ်မှု၊ ဘဏ္ဍာရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝဘေးအန္တရာယ် လျှော့ချ ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ပညာ ရှင်အဖွဲ့၊ မီဒီယာနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍ များ၌လည်း ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ပလက်ဖောင်းတစ်ရပ်ကို တည် ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်း ပြောဆိုသွားကြောင်း သိရသည်။
Source; Xinhua
စိုင်းဗညား
