နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ China International Import Expo-CIIEတွင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ က ပါဝင်ပြသရန် အတည်ပြု ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ရပ်က အောက်တိုဘာ ၂၀ ရက်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ကျင်းပမည့် အဆိုပါ ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo-CIIE)သည်CIIE ၏ အရေးပါသော ပြပွဲတစ်ခုဖြစ်ပြီး ပါဝင်ပြသသည့် နိုင်ငံတစ်နိုင်ငံချင်းစီ ၏ နည်းပညာ တီထွင်ဆန်းသစ်မှုများကို ပြသကြမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စက်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကိုလည်း အား ကောင်းစေမည်ဖြစ်ကြောင်း အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ်ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက်ပြပွဲတွင် နိုင်ငံတကာ ပြခန်း များ၌ ဖွံ့ဖြိုးမှုအနည်းဆုံးမှ ဖွံ့ဖြိုးပြီးနိုင်ငံများအထိ တိုးတက်မှုအဆင့် အမျိုး မျိုးရှိသည့် နိုင်ငံများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲကျင်းပမည့်National Convention & Exhibition Centreသည် စတုရန်းမီတာ ၂၅၀ဝ ကျယ်ဝန်းသည်။ အဆိုပါ တရုတ်နိုင်ငံပြခန်းသည် CIIE ပြပွဲသမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးဖြစ်ကြောင်း သိရသည်။ ယင်းပြခန်းတွင် အဆင့်မြင့် တံခါးဖွင့်ဝါဒနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုး တက်မှုတွင် တရုတ်နိုင်ငံ၏ လက်ရှိ အောင်မြင်တိုးတက်မှု အခြေအနေများကို အလေးထား ဖော်ပြမည်ဖြစ်ကြောင်းလည်း သိရသည်။
ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ၏ စီးပွားရေး ပြခန်းတွင် ပင်မပြခန်းဧရိယာ ခြောက်ခု ထည့်သွင်းပြသမည်ဖြစ်သည်။ ထို့ပြင် ကုမ္ပဏီပေါင်း ၃၀ဝ၀ ကျော်က ပါဝင်ပြသရန် အတည်ပြုထားကြောင်းနှင့် ပြပွဲဧရိယာကိုလည်း စတုရန်းဧရိယာ မီတာ ၃၆၀ဝ၀ဝ အထိ တိုးချဲ့သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
Source; Xinhua
စိုင်းဗညား
