ဂျပန်နိုင်ငံတွင် မကြာမီကာလအတွင်း၌ အလတ်စား လျှပ်စစ်ဘတ်စ် ကားများကို ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကား ထုတ်လုပ်သည့်BYD က ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ဦးတည်သည့်အနေဖြင့် အများပြည်သူ သုံး သယ်ယူပို့ဆောင်ရေးတွင် တိုးပွားလာသည့် ဝယ်လိုအားကို ဖြည့် ဆည်းရန် ဂျပန်နိုင်ငံ၌ အလတ်စား လျှပ်စစ်ဘတ်စ်ကား မော်ဒယ်အသစ်ကို စတင်ရောင်းချသွားတော့မည်ဖြစ်ကြောင်း ဆင်ဟွာသတင်း၏ နိုဝင်ဘာ ၁၇ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
ဂျပန်နိုင်ငံ ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်ထားသည့် J7 အလတ်စား လျှပ်စစ်ဘတ်စ်ကားသည် အကွာအဝေး ကီလိုမီတာ ၂၅၀ အထိ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းလျှပ်စစ်ကားများ၏ဈေးနှုန်းမှာ ဂျပန်ယန်း ၃၆ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၂၄၀ဝ၀ဝ ခန့်) ရှိကြောင်းBYD Japan ကုမ္ပဏီလီမိတက်က နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်ဟု သတင်းတွင် ရေးသား ထားသည်။
အဆိုပါ J7 အလတ်စား လျှပ်စစ်ဘတ်စ်ကားများကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ကြိုတင်မှာကြားမှုများကို စတင်လက်ခံ မည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ဖောက်သည်များ လက်ထဲသို့ အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Source; Xinhua
စိုင်းဗညား
