Main menu

Background

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဗီဇာကင်းလွတ်ခွင့် သဘောတူ

Mon, 02/05/2024 - 12:35 -- journal_editor

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံ ဗီဇာ စည်းကြပ်သတ်မှတ် ချက်များကို ပယ်ဖျက်ရေးအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး နူကာရာတို့သည် ဇန်နဝါရီ နောက်ဆုံးပတ်က ၎င်းတို့နှစ်နိုင်ငံအကြား ဗီဇာ ကင်းလွတ်ခွင့်ဆိုင်ရာ  သဘောတူညီမှုကို  ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ အဆိုပါ သဘောတူညီချက်အရ နှစ်ဖက် ခရီးသွားများအနေဖြင့် လာမည့် မတ် ၁ ရက်မှစပြီး ဆိုက်ရောက်ဗီဇာ မလိုဘဲ သွားလာနိုင်တော့မည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ယခုသဘောတူညီမှုသည်  နှစ်နိုင်ငံစလုံးမှ ခရီးသွားလုပ်ငန်းများ ပြန်လည် နာလန်ထူနိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်လျက်ရှိကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွင် လာ ရောက်လည်ပတ်သည့် ပမာဏအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေ သည်။ သို့သော် ကိုဗစ်ကာလအလွန် ၂၀၂၂ ခုနှစ်မှစ၍ ထိုင်းနိုင်ငံ၏ ခရီး သွားကဏ္ဍမှာ ပြန်လည်ဖွံ့ဖြိုးလာနေသော်လည်း တရုတ်ခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ မျှော်မှန်းထားသည်ထက် နည်းနေကြောင်း သိရသည်။
ကိုဗစ်(၁၉) ကပ်ရောဂါ မတိုင်မီ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံသို့ တရုတ် ကမ္ဘာလှည့်ခရီးသွား ၁၁ သန်း  ဝင်ရောက်ခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၂၃ ခုနှစ်တွင်မူ  ထိုင်းနိုင်ငံသို့ တရုတ်ကမ္ဘာလှည့်ခရီးသွား ၃ ဒသမ ၅ သန်းသာ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။                           

 Source Reuters

စိုင်းဗညား