Main menu

Background

အမေရိကန် ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီးမှ ဝန်ထမ်းအများအပြား လျှော့ချ

Mon, 05/05/2025 - 14:40 -- journal_editor

အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့်United Parcel Service,  Inc (UPS)သည် ဝန်ထမ်းပမာဏ အများအပြား လျှော့ချ လိုက်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဧပြီ ၃၀ ရက် သတင်း ဖော်ပြချက်အရ သိရသည်။
United Parcel Service,  Inc (UPS) သည် ယခုနှစ်တွင် ဝန်ထမ်းပမာဏ အများအပြား လျှော့ချခြင်းနှင့် လုပ်ငန်းများ လည်ပတ်နေသည့် ဌာနအများအပြား ပိတ်သိမ်းခြင်း စသည့် နည်းလမ်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချကာ အမြတ်အစွန်း ရနိုင်စွမ်းကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ဧပြီ ၂၉ ရက်တွင် ကြေညာချက်ကို ကိုးကားပြီး ဆင်ဟွာ သတင်းတစ်ရပ်က ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ အမေရိကန်ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်း ကုမ္ပဏီကြီးဖြစ်သည်United Parcel Service,  Inc (UPS))သည် ယခုနှစ်တွင် လုပ်ငန်းလည်ပတ်နေသည့် အလုပ်အကိုင် နေရာပေါင်း နှစ်သောင်းခန့်၊ ဝန်ထမ်းစုစုပေါင်း၏ ၄ ရာခိုင် နှုန်းခန့်ကို တာဝန်မှရပ်နားရန် စီစဉ်ထားကြောင်းနှင့် ယခုနှစ်  ဇွန်လကုန်ပိုင်းတွင် ပထမအဆင့်အနေဖြင့် ကုမ္ပဏီမှ ငှားရမ်း အသုံးပြုနေသည့် နေရာများ အပါအဝင် ကိုယ်ပိုင်လုပ်ငန်း လုပ်ဆောင်နေသော နေရာစုစုပေါင်း ၇၃ ခုကို ပိတ်သိမ်းရန် စီစဉ်ထားကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ 
United Parcel Service,  Inc (UPS) သည် ယခု ၂၀၂၅ခုနှစ် ပထမ သုံးလပတ်ကာလတွင် လုပ်ငန်းလည်ပတ်မှု ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅၄၆ ဘီလီယံ ရရှိခဲ့ ရာ ပြီးခဲ့သည့်နှစ် ကာလတူထက် သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ယင်းကုမ္ပဏီ၏ လုပ်ငန်းပိုင်ဆိုင်ရာ စွမ်းဆောင်ရည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
အမေရိကန်တွင်  ကုန်ပစ္စည်းစည်းကြပ်ခွန် မူဝါဒ ပြောင်းလဲမှုကို  ထည့်သွင်းစဉ်းစားပါက  အမြန်အချောပို့ လုပ်ငန်း လိုအပ်ချက်များမှာ  လျော့နည်းသွားဖွယ် ရှိနေ ကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းလည်ပတ်မှု၏ ဝင်ငွေအားလုံး ကျဆင်းလာမည်ဟု ခန့်မှန်းရကြောင်းUnited Parcel Service,  Inc (UPS) ကုမ္ပဏီက သုံးသပ်ထားသည်။
Source; Xinhua

 

စိုင်းဗညား