Main menu

Background

ရေလွှမ်းမိုးမှုနှင့်အတူ ပြည်တွင်းငွေလဲလှယ်နှုန်းများ အနည်းငယ် ပြန်လည်မြင့်တက်

Thu, 08/13/2015 - 19:09 -- journal_editor

     ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့်  ပြည်တွင်းငွေလဲနှုန်းများ သည် ယခုတစ်ပတ်တွင် ရေလွှမ်းမိုးနစ်မြုပ်မှုများနှင့်အတူ  အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဗဟိုဘဏ်မှ ပြန်လည်ထိန်းချုပ်မှုများကြောင့် ဈေးကွက်အတွင်း ငွေလဲနှုန်းများ အနည်းငယ်တည်ငြိမ်လျက်ရှိပြီး အတက်အကျအနည်းငယ်ဖြင့်သာ ဈေးကွက်အတွင်း လှုပ်ရှားလျက်ရှိကြောင်းသိရသည်။ ပုဂ္ဂလိကဘဏ်များနှင့် ပြင် ပငွေလဲစင်တာများ၏ ငွေလဲနှုန်းများ  တူညီလုနီးပါးရှိလာသဖြင့် ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသုံးငွေများ ပြန်လည်ရောင်းဝယ်လာခဲ့ကြကြောင်းသိရသည်။ ယင်းကဲ့သို့ ဘဏ်များမှ ပြန်လည်ရောင်းချလာသည့်အတွက် ဈေးမြင့် တက်မှု နှုန်း နည်းပါးရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ဆို သည်။
"ဈေးကွက်ထဲမှာ ဘဏ်တွေကလည်း ဝယ်ရောင်းလို့ရတယ်။ အပြင်ငွေလဲစင်တာမှာလည်း ဝယ်လို့ရတဲ့အတွက် ဈေးကွက်ထဲမှာ ငွေလဲချင်တဲ့သူတွေက ဘယ်နေရာမှာမဆို အဆင်ပြေနေကြပါတယ်။ ဈေးနှုန်းကလည်း တစ်နေရာ နဲ့ တစ်နေရာ သိပ်မကွာတော့ ငွေလဲချင်တဲ့သူကသူကြိုက်တဲ့နေရာမှာ လဲနိုင်ကြတာကြောင့် ဈေး သိပ်မတက်တာပါ"ဟု ၎င်းကဆိုသည်။ သြဂုတ်လ ၃ ရက်နေ့က ရောင်းဈေး ၁၂၃၃ကျပ်၊ ဝယ်ဈေး၁၂၂၈ ကျပ်ရှိပြီး သြဂုတ်လ ၅ ရက်တွင် ရောင်းဈေး ၁၂၃၇ကျပ်၊ ဝယ်ဈေး ၁၂၃၂ကျပ်၊ သြဂုတ်လ ၇ရက်နေ့တွင် ရောင်းဈေး ၁၂၄၂ကျပ်၊ ဝယ်ဈေး ၁၂၃၆ကျပ်ရှိခဲ့သည်။

 

မယ်သီတာ