Main menu

Background

မြန်မာသီလဝါSEZ က ရှယ်ယာတစ်စုအတွက် အမြတ်ဝေစု ကျပ် ၅၀နှုန်း ခွဲဝေပေးရန် ဆုံးဖြတ်

Tue, 05/23/2023 - 13:58 -- journal_editor

ရန်ကုန်စတော့အိပ်(စ်)ချိန်း (YSX) စာရင်းဝင် မြန်မာသီလဝါ အက်(စ်)အီး ဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) က ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် သာမန်  အစုရှယ်ယာတစ်စုကို ကျပ် ၅၀နှုန်း ခွဲဝေရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ MTSHအနေဖြင့် ၂၀၂၃ ခုနှစ်  မတ် ၃၁ ရက် ဘဏ္ဍာရေးအခြေအနေများအပေါ်  အခြေခံ၍ ယခုဘဏ္ဍာနှစ်အတွက် ကျပ် ၅၀ နှုန်း အဆိုပြု အမြတ်ဝေစု ပမာဏကို ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ   ယင်းအတွက် ကျပ် ၁ ဒသမ ၉ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၁၉၄၆ ဒသမ ၄၅၇) လျာထားကြောင်း သိရသည်။
အဆိုပါ  အမြတ်ဝေစုများကို ကိုဗစ်(၁၉)ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် အတွက် ဇွန် ၂၂ ရက်တွင် အွန်လိုင်းမှပြုလုပ်မည့် ဒသမအကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းအဝေး၌ အစုရှယ်ယာရှင်များအား ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ အမြတ်ဝေစုခံစားခွင့်ရှိသည့် ရှယ်ယာရှင်များကို ၂၀၂၃ ခုနှစ် မေ ၄ ရက် အထိ အရောင်းအဝယ်ပြုလုပ်ထားပြီး မေ ၉ ရက်တွင် အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်ရက် (Record Date) တွင်ရှိသည့် အစုရှယ် ယာရှင်စာရင်းအရ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ထိုMTSH ကုမ္ပဏီသည်  ပထမမြန်မာရင်းနှီးမြှုပ်နှံမှု(FMI)ပြီးနောက် ရန်ကုန်စတော့အိပ်(စ်)ချိန်းသို့  တက်လှမ်းခဲ့သည့် ဒုတိယမြောက်ကုမ္ပဏီဖြစ်ပြီး   လက်ရှိစာရင်းဝင်ကုမ္ပဏီ ခုနစ်ခုထဲတွင် အစုရှယ်ယာအရောင်းအဝယ်အများဆုံး ဖြစ်သည့် အများပိုင်ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

ပန်းဆု